ရွှေလီတွင် ကျောက်မျက်ရောင်းချမှု ပိတ်ထားမှု ရက်ကြာလျှင် မန်းစျေးကွက်ထိမည်

ရွှေလီတွင် ကျောက်မျက်ရောင်းချမှု ပိတ်ထားမှု ရက်ကြာလျှင် မန်းစျေးကွက်ထိမည်

 ဖေဖေါ်ဝါရီ ၉  ။                    ။ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့သို့ အင်တာနက်ဖြင့် ကျောက်မျက်ရတနာများအား တိုက်ရိုက်ထုတ်လွှင့်ရောင်းချခြင်းအား ဖေဖော်ဝါရီ ၅ရက်နေ့ ည ၁၂နာရီမှစတင်ကာ ခတ္တရပ်နားထာခြင်း ရက်ရှည်လာလျှင် မန္တလေး ကျောက်စိမ်းစျေးကွက် ထိခိုက်မှု ရှိလာနိုင်ကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေကျောက် မျက်ရတနာ ရောင်းဝယ်ရေး စခန်း က သိရသည်။

“ အဲလိုပိတ်လိုက်တဲ့အတွက် ထူးထူးခြားခြားပြောင်းလဲမှုမရှိသေးပါဘူး၊ ဒါပေမယ့် အသားငါးလိုပဲ ရက်ရှည်လာရင်ပုတ်လာတယ်၊ ကျောက်မျက်ရတနာလည်းဒီလိုပဲ ရက်ရှည်လာရင် အဝယ်နည်းလာရင်တော့ ထိ ခိုက်မှုရှိလာနိုင်ပါတယ်၊ ဒီဗိုက်ရပ်စ်ပိုးကြောင့် အခုရက်ပိုင်းမှာ ကျောက်မျက်ရတနာအရောင်းအဝယ်မှာ စျေးနှုန်း မြင့်ကျောက်မျက်ရတနာအရောင်းအဝယ်ကတော့ မဖြစ်သလောက်ဖြစ်နေပါတယ်” ဟု အဆိုပါစခန်း သတင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဦးကပြောသည်။

ကိုရိုနာဗိုက်ရင်းရပ်စ် အဆုတ်ရောင်ကာကွယ်ရေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနက ရွှေလီမြို့ ကျောက်မျက်ရတနာ အင်တာနက်ပေါ်မှတဆင့် ထုတ်လွှတ်ရောင်းချခြင်းကို ခေတ္တပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် သတိပေးစာကို လိုက်နာခြင်းမရှိလျှင် ရောင်းဝယ်ရေးလိုင်စင်ဖြုတ်ချသည့်အထိ အရေးယူသွားမည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် လုံခြုံကြီးကြပ်ရေး အပြစ်ယူခြင်း ဥပဒေ တရုတ်ပြည်သူသမ္မတနိုင်ငံတော် ကူး စက်ရောဂါ ကာကွယ်ရေး ဥပဒေ၊ နိုင်ငံတော် ပြစ်မှုဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ထားခြင်း ဖြစ်သည်။

“ ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှ ထွေထွေထူးထူးမသိသာသေးဘူး၊ တရုတ်ပြည်ထဲကို မပြန်ပဲ ရောင်းချနေ တဲ့ တရုတ်တွေလည်းရှိပါတယ်၊ အခု အရောင်းအဝယ်ဖြစ်နေတာကတော့ စျေးနှုန်းအနိမ့်ပိုင်းလေးတွေတော့ဖြစ် နေပါတယ်၊ ပိတ်တာကလည်း ရွှေလီစျေးကွက်ပဲဆိုတော့ ပြည်မကြီးကို တိုက်ရိုက် ရောင်းချနေတဲ့ သူတွေရှိတဲ့အတွက် ထူးခြားမှုမရှိသေးတာလို့ထင်ပါတယ်၊ ဒါပေမယ့် ရက်ရှည် ပိတ်တာမျိုးတော့ မဖြစ်စေခြင်ပါဘူး၊ ခုတောင် စျေးကွက်က သိပ်ကောင်းတာ မဟုတ်ဘူး” ဟု ကျောက်မျက်ရတနာကုန်သည် ဦးနေမျိုးကပြောသည်။

မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းသည် နေ့စဉ် လူဦးရေတစ်သိန်းကျော်ခန့် အရောင်းအဝယ်ပြုလုပ်နေသော အထက်မြန်မာပြည်၏ အဓိက ကျောက်မျက်စျေးကြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly