ထိုင်းနိုင်ငံ ရနောင်းကျောင်းသူ လူသတ်မှု မြန်မာ ၄ ဦး သံရုံးကိုယ်စားလှယ်နှင့် တွေ့ခွင့်ရ

ထိုင်းနိုင်ငံ ရနောင်းကျောင်းသူ လူသတ်မှု မြန်မာ ၄ ဦး သံရုံးကိုယ်စားလှယ်နှင့် တွေ့ခွင့်ရ
Photo - Min Oo Facebook

အောက်တိုဘာလ ၂၉ ရက်၊ ချင်းမိုင်(မဇ္ဈိမ) ။         ။ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ အထက်တန်းကျောင်းသူတစ်ဦးအား သတ်မှုဖြင့် သံသယရှိပြီး ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား ၄ ဦးသည် အောက်တိုဘာလ ၂၈ တွင် မြန်မာသံရုံးကိုယ်စားလှယ်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရခဲ့သည်ဟု ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဦးမင်းဦးက ပြောသည်။

မြန်မာသံရုံးမှ သံအရာရှိ ဦးလှထွန်းနှင့် မြန်မာသံရုံးအထူးအဖွဲ့တို့က ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၄ ဦးကို တွေ့ခွင့်ရရန် အောက်တိုဘာလ ၂၄ ရက်က တောင်းဆိုခဲ့သော်လည်း အောက်တိုဘာလ ၂၈ ရက်မှ တွေ့ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်ဆိုသည်။

“ကလေးတွေက ခိုင်လုံတဲ့သက်သေအထောက်အထားမရှိဘဲနဲ့ စွတ်စွဲဖမ်းဆီးထိန်းသိမ်းနေတယ်လို့ ယူဆလို့ ကျနော်တို့နဲ့ သူတို့ မိသားစုတွေ တွေ့ခွင့်ရဖို့ တောင်းဆိုတာ။” ဟု ဦးမင်းဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူ၏ အစ်မနှင့် ဖခင်တို့လည်း မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၇ ရက်က ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက လူသတ်မှုကို ပြန်လည်သရုပ်ပြခိုင်းခဲ့ သေးသည်ဟု ဦးမင်းဦးက ပြောသည်။

မြန်မာနိုင်ငံသား ၄ ဦးအတွက် ဥပဒေအကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်ရန် ထိုင်းရှေ့နေများကောင်စီသို့ တရားဝင် ရှေ့နေငှားရမ်းခွင့်ကို အောက်တိုဘာလ ၂၈ ရက်တွင် တင်သွင်းလိုက်ပြီး အတည်ပြုချက်ရရှိရန် တင်ပြထားပြီးဖြစ်သည်။

စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးကို ဓါးဖြင့် ၁၇ ချက်ဖြင့် ထိုးသတ်ခဲ့သည်ဟုဆိုကာ မောင်မိုးဇင်အောင်နှင့် ကျော်ရဲဝင်းတို့ ညီအစ်ကိုနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၀ ရက်၌ ဖမ်းဆီးခဲ့သည်ဟုသိရသည်။

ညီအစ်ကို နှစ်ဦးမှ အစ်ကိုဖြစ်သူ ကျော်ရဲဝင်းသည် လူသတ်မှုတွင် ပါဝင်ခြင်း မရှိဟုယူဆပြီး အောက်တိုဘာလ ၂၅ ရက် တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ယင်းနောက် မြန်မာရေလုပ်သား ၃ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံနေရသူ ၄ ဦးမှာ ရေလုပ်သားများဖြစ်ကြပြီး အသက် ၁၅ နှစ်မှ ၂၀ နှစ်ကြားအရွယ်ရှိ မောင်မိုးဇင်အောင်၊ မော်ဝေလင်း၊ မောင်စိန်ကတုံးနှင့် မောင်ကျော်စိုးဝင်းတို့ဖြစ်သည်။ သေဆုံးသွားသူ အထက်တန်းကျောင်းသူ၏ မိခင်သည် မြန်မာနိုင်ငံသားဖြစ်ပြီး ဖခင်သည် ထိုင်းနိုင်ငံသားဖြစ်သည်ဟု သိရသည်။

လက်ရှိ ၎င်းတို့ လေးဦးကို တရားစွဲဆိုခြင်း မရှိသေးဘဲ အမှုစစ်ဆေးသည့်အချိန်သာဖြစ်သဖြင့် ရနောင်းခရိုင် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟုဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင်လည်း ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦး အသတ်ခံရမှုဖြင့် စွတ်စွဲ၍ မြန်မာနိုင်ငံသား ၂ ဦး အား ဖမ်းဆီးတရားစွဲထားပြီး လာမည့် ဒီဇင်ဘာလ ၂၄ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly