အမေရိကန်နှင့်မဟာမိတ်များက ရုရှနယ်စပ်နိုင်ငံများသို့ တပ်သား၄၀၀၀ ဖြန့်ချထား

အမေရိကန်နှင့်မဟာမိတ်များက ရုရှနယ်စပ်နိုင်ငံများသို့ တပ်သား၄၀၀၀ ဖြန့်ချထား

ဝါရှင်တန်၊ အောက်တိုဘာ-၂၉ ။                  ။ အမေရိကန်နှင့် မဟာမိတ်များက နောက်ထပ် တပ်သား ၄၀၀၀ ပိုမိုဖြန့်ချထားလိုက်ခြင်းဖြင့် ရုရှနှင့် နိယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများတွင် စခန်းချထားသည့် တပ်သားအရေအတွက်ကို တိုးမြှင့်ဖွယ်ရာရှိသည်ဟု ပရပ်စ်တီဗီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူ အမေရိကန်အာဏာပိုင်များကို ကိုးကားပြီး The Wall Street Journal က အောက်တိုဘာလ ၂၈ရက်က သတင်းတစ်ရပ်တွင် ကြေညာလိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

ပိုလန်၊ အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူရေးနီးယားတို့တွင် တပ်ရင်း၄ခု ဖြန့်ချထားမည်ြ့ဖစ်ပြီး တပ်ရင်းတစ်ခုစီတွင် အကြမ်းဖျင်း စစ်သား ၈၀၀မှ ၁၀၀၀အထိ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

ထိုနိုင်ငံများတွင် စစ်တပ်များ တပ်စွဲထားသည်ကို ရုရှသမ္မတ ဗလာဒီမီယာ ပူတင်အား အသိပေးရန် ရည်ရွယ်သည့် လှုပ်ရှားမှုဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

‘ကျနော်တို့က တိုက်ခိုက်ဖို့ ရန်စဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ ဥရောပမှာ ကျနော်တို့ ပါဝင်ပတ်သက်နေတယ်ဆိုတာ သူ(ပူတင်) နားလည်လာစေချင်တာပါ။ ကျနော်တို့ဟာ ဥရောပမှာ စစ်ရေးအရ စွမ်းဆောင်နိုင်ပါတယ်။ နေတိုးကို ကာကွယ်သွားမှာပါ။ ဒီအချက်ကို သိစေချင်တာပါ’’ဟု အကြီးတန်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ရုရှက ယူကရိန်း၏ မခိုင်ခံ့သော အပစ်ရပ်မှုအတွင်း မတည်ငြိမ်သည့် ဒေသတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် ယခုလှုပ်ရှားမှု ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်။ ဂျာမနီမှတစ်ပါး ဝါရှင်တန်၏ မဟာမိတ်များက အစီအစဉ်အသစ်ကို ထောက်ခံခဲ့ကြသည်။

ဘာလင်ကမူ မတည်ငြိမ်သောဒေသတွင် နေတိုးစစ်ဌာနချုပ်အောက်သို့ စစ်သားများကို ပိုမိုထားရှိခြင်းမှာ မော်စကိုကို ထာဝရရန်သူတစ်ယောက်သဖွယ် ဆက်ဆံသည့်သဘောဖြစ်နေကြောင်း အမေရိကန်ကို ပြောကြားခဲ့သည်။

‘ယူကရိန်းစစ်ပွဲက အပစ်ရပ်ထားပြီး ရုရှနှင့်ဆက်ဆံရေးများမျာ အပြောင်းအလဲ မြန်ဆန်နေချိန်တွင် ဘောတစ်နိုင်ငံများတွင် တပ်သားများ တိုးမြှင့်ချထားရေး ဆွေးနွေးပွဲများကို ဘာလင်က ရှောင်လွှဲနေလိုသည်ဟု အဆိုပါသတင်းတွင် စစ်တပ်အရာရှိများကို ကိုးကားဖော်ပြထားသည်။    

တပ်သားအရေအတွက်ကို မသိမသာ တိုးမြှင့်နေခြင်းမှာ ရုရှနယ်စပ်တွင် စစ်တပ်များ အမြဲတန်း တပ်စွဲထားမှုကို တားမြစ်သည့် ၁၉၉၄ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ပြီး လုံခြုံရေးပြဿနာများကို ဓားဓားချင်း ဖြေရှင်းနည်းမှာလည်း အတိတ်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း ရုရှ၏ နေတိုးသံအမတ် အလက်ဇန္ဒား ဂရပ်ရှ်ကိုက ပြောကြားခဲ့သည်။

‘နိုင်ငံရေးရှုထောင့်ကကြည့်မယ်ဆိုရင် ဒီစစ်ရေးလှုပ်ရှားမှုတွေဟာ ဥရောပမှာ သံကန့်လန့်ကာကြီးတစ်ခုကို ဖန်တီးဖို့ ရည်ရွယ်နေတာပါ’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly