ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့မှု ပြင်းထန်လာ၍ အစ္စရေးက လုံခြုံရေးအင်အား တိုးချ

ပါလက်စတိုင်းဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့မှု ပြင်းထန်လာ၍ အစ္စရေးက လုံခြုံရေးအင်အား တိုးချ

ဖေဖော်ဝါရီ ၈။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ပြင်းထန်လာတာကြောင့် ဖေဖော်ဝါရီ ၇ ရက်မှာ အစ္စရေး နယ်စပ်လုံခြုံရေးအင်အားကို တိုးချထားပြီ ဖြစ်ပါတယ်။

ရာမာလာမြို့ အနောက်ပိုင်း ဘီလင်ကျေးရွာက နယ်ခြားတံတိုင်းနားမှာ ပါလက်စတိုင်းတွေ စုရုံးရောက်ရှိနေပြီး အစ္စရေးလုံခြုံရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့ကြပါတယ်။

ပါလက်စတိုင်းတွေဟာ နယ်ခြားတံတိုင်းကို ကျော်ပြီး အစ္စရေးဖက်ခြမ်းကို မီးရှို့ကားတာယာတွေ ပစ်သွင်းတာ၊ ဓာတ်ဆီဗုံးတွေ ပစ်လွှတ်တာတွေ ကျူးလွန်ကြပါတယ်။

လူသေဆုံးတဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားအပြီးမှာ ဂျေရုဆလင်နဲ့ သိမ်းပိုက်ခံအနောက်ဖက်ကမ်းမှာ အစ္စရေးတွေက လုံခြုံရေးအင်အား တိုးမြှင့်ချထားလိုက်ပေမယ့် သောကြာနေ့ မွတ်စလင်ဝတ်ပြုဆုတောင်းမှုကတော့ အေး အေးလူလူပဲ ပြီးစီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က အနောက်ဖက်ကမ်းက ထိပ်တိုက်တွေ့မှုအတွင်း ပါလက်စတိုင်း နှစ်ဦး သေဆုံးပြီး ဂျေရုဆလင်မြို့ဟောင်းမှာ အာရပ်အစ္စရေးတစ်ဦး ပစ်သတ်ခံရလို့ သေဆုံးခဲ့ပြီးနောက်မှာ အစ္စရေးဟာ လုံခြုံရေး အင်အား တိုးမြှင့်ချထားလာတာပဲ ဖြစ်ပါတယ်။

မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ဟာ အစ္စရေးကို ဘက်လိုက်ထားတယ်လို့ ဆိုရင်း အနောက်ဖက်ကမ်းမှာ ဆူပူဆန္ဒပြမှုတွေ စတင်ဖြစ်ပွားလာတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly