တစ်ကမ္ဘာလုံးမှာ မျက်နှာစည်း mask တွေ ပြတ်လပ်မှု ရင်ဆိုင်နေရပြီလို့ WHO အကြီးအကဲ သတိပေး

တစ်ကမ္ဘာလုံးမှာ မျက်နှာစည်း mask တွေ ပြတ်လပ်မှု ရင်ဆိုင်နေရပြီလို့ WHO အကြီးအကဲ သတိပေး

ဖေဖော်ဝါရီ ၈။              ။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တားဆီးရာ မျက်နှာစည်း mask တွေနဲ့ အခြား ကာကွယ်ရေး ပစ္စည်းတွေ ကမ္ဘာမှာ ပြတ်လပ်မှု ကြုံနေရပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အကြီးအကဲ ဖြစ်သူက ဖေဖော်ဝါရီ ၈ ရက်မှာ သတိပေးလာပါတယ်။

“ကမ္ဘာမှာ တစ်ကိုယ်ရည် ရောဂါပိုးအကာအကွယ်ပစ္စည်း PPE တွေ ရေရှည် ပြတ်လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။”လို့ ဂျီနီဗာမှာ ကျင်းပတဲ့ WHO အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ အကြီးအကဲ တီဒရို့စ်အက်ဟန် နွမ်ဂီဘရေးယက်ဆက်က ပြောပါတယ်။

တစ်ချို့ အကာအကွယ်ပစ္စည်းတွေဟာဆိုရင် ပုံမှန်ထက် ဈေး အဆ ၂၀ ကျော် မြင့်တက်နေတယ်လို့ WHO က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းဟာ နာဖျားမကျန်းဖြစ်သူတွေဖြစ်ဖြစ်၊ ဆေးဝန်ထမ်းတွေ ဖြစ်ဖြစ် မသင့်တော်တဲ့ mask တွေ သုံးနေရတာကြောင့် ပိုပြီး ဆိုးဝါးလာရတယ်လို့ တီဒရို့စ်က သတင်းထောက်တွေကို ပြောပါတယ်။

“အခုဆိုရင် အကာအကွယ်ပစ္စည်းတွေ သိုလှောင်ထားနိုင်မှုဟာ လျော့နည်းကျဆင်းလာနေပြီ ဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာ mask တွေနဲ့ အကာအကွယ်ပစ္စည်း သိုလှောင်မှုက WHO နဲ့ အခြား မိတ်ဖက်အဖွဲ့တွေရဲ့ လိုအပ်ချက်နဲ့ ပြည့်မီအောင် ရှိမနေတော့ဘူး။ ဒါဟာ ပြဿနာတစ်ရပ်ပဲ။”လို့ ၎င်းက ပြောပါတယ်။

Mask နဲ့ အကာအကွယ်ပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီအုပ်စုတွေနဲ့ ပြောဆိုဆွေးနွေးအပြီးမှာ ဆေးဝန်ထမ်းတွေကိုပဲ ရောင်းချပေးမယ်ဆိုတဲ့ ကုမ္ပဏီတွေကို ၎င်းက ချီးကျူးစကားဆိုပါတယ်။

“အကာအကွယ်ပစ္စည်းတွေ လက်ရှိ သိုလှောင်ရှိနေတဲ့ ပမာဏက အကန့်အသတ် ရှိနေတယ်။ ကျွန်တော်တို့အနေနဲ့ တကယ်လိုအပ်တဲ့ သူတွေဆီ ရောက်ဖို့ လိုအပ်တယ်။ ကိုရိုနာကူးစက်ဖြစ်ပွားမှု နည်းပါးရာ နိုင်ငံဒေသတွေမှာ အဲဒီ အကာအကွယ်ပစ္စည်းတွေကို သိုလှောင်ထားတာမျိုးတွေ မလုပ်ကြဖို့လည်း သတိပေးလိုတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၂၂ ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၃၅၀၀၀ နီးပါး ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly