သဘောတူခွင့်ပြုချက်မရှိဘဲ ငွေဖြတ်မှုအတွက် ဆက်သွယ်ရေး ကုမ္ပဏီ များကို တရားစွဲမည်

By သန်းထိုက်အောင်၊ အောင်မြတ်သူ
07 February 2020
သဘောတူခွင့်ပြုချက်မရှိဘဲ ငွေဖြတ်မှုအတွက် ဆက်သွယ်ရေး ကုမ္ပဏီ များကို တရားစွဲမည်
Photo -  Bees Media (ဘလော့စ်)

ဖေဖော်ဝါရီ ၇ ။                 ။ ဖုန်းအသုံးပြုသူများ၏ သဘောတူခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး အော်ပရေတာများက ငွေဖြတ်တောက်မှုများ အတွက် အမျိုးသား လွှတ်တော်၏ ဆောက်လုပ်ရေး ၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာရေးရာ ကော်မတီကနေတဆင့် တရားစွဲဆိုနိုင်ရေး လုပ်ဆောင်သွားမည်ဟု မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးကပြောသည်။

တယ်လီဖုန်း အော်ပရေတာ ကုမ္ပဏီများ က ကာယကံရှင်၏ သဘောတူ ခွင့်ပြုချက် မဟုတ်ဘဲ အခြားသော ဝန်ဆောင်မှု အမျိုးအစားများအတွက် အခကြေးငွေ ဖြတ်တောက်နေမှုများကို ထိရောက်စွာ တားဆီးပေးရန် အစီအစဉ်ရှိ မရှိကို ဦးထွန်းထွန်းဦးက ဖေဖေါ်ဝါရီ ၇ရက်နေ့တွင် ကျင်းပ သော အမျိုးသား လွှတ်တော်တွင် မေးမြန်းခဲ့ပြီးနောက် မီဒီယာများနှင့် တွေပဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ ပြည်သား မျက်နှာကို ငဲ့ပြီး သူတို့ကိုဘာမှ ကြည့်နေစရာ အကြောင်း မရှိဘူး။ ဒီဥပဒေကို ချိုးဖောက်တယ်ဆိုရင် ဒီ ဥပဒေ ပေးတဲ့ အပြစ်အတိုင်း သူတို့ကို ပေးကိုပေးရမယ်။ အဲ့ဒီအတွက် ဦးတို့ကတော့ ဆက်သွယ်ရေး ကော်မတီနဲ့ တိုင်ပင်ပြီးတော့ တရားစွဲဖို့ ထိလုပ်မယ်ပေါ့နော်။ တရားစွဲမှ ထိရောက်မယ်ဆိုရင်လည်း တရားစွဲရုံပဲရှိတာပဲ” ဟု ဦးထွန်းထွန်းဦးကပြောသည်။

မိုဘိုင်းဖုန်း သုံးစွဲသူများ နစ်နာမှုမရှိစေရန် အော်ပရေတာများအား ထပ်ဆောင်းဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်း များကို ဝန်ကြီးဌာနအနေဖြင့် ညွှန်ကြားထားကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။

“ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး သုံးစွဲသူ ပြည်သူ များအား ထိခိုက်နစ်နာအောင် ဆောင်ရွက်မှုများ၊ ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေး ဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်မှ စားသုံးသူ ရေးရာ ဦးစီးဌာနသို့ တိုင်ကြားနိုင်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဒုတိယ ဝန်ကြီင်္း ဦးသာဦးက လွှတ်တော်တွင် ပြောသည်။

ယမန်နှစ်ကလည်း ပြည်သူ့လွှတ်တော်တွင် ဒေါက်တာလှမိုးက ယခုကဲ့သို့ မေးခွန်းမေးမြန်းခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ပြန်လည် ဖြေဆို ခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောသည်။

“လိုအပ်ရင် အဲ့ဒီကုမ္ပဏီတွေကို အမည်ပျက် စာရင်းသွင်းတာမျိုး ဦးတို့ နားလည်တာကတော့ ဆက်သွယ်ရေး ဥပဒေ အရ ဒီကွန် ယက် တစ်ခုကို အသုံးပြုပြီးတော့ ပြည်သူကိုလိမ်လည်တယ် လှည့်ဖျားတယ်။ ညာယူ တယ် ဆိုရင် ဒါကသူခိုးပဲ အဲ့တာ အဒိန္နာဒါနကံမြောက်တယ်။ ဒီလူကို ထောင်ချလို့တောင်ရတယ်” ဟု ဦးထွန်းထွန်းဦးက မှတ်ချက်ပြုသည်။

၂၀၁၉ခုနှစ်အတွင်းတွင် ဖုန်းဘေလ် ဖြတ်တောက်ခံရမှုအတွက် တိုင်ကြားမှု ၃၀မှုနှင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားမှု ၂၁၂ မှု ရှိပြီး ဖြေရှင်း ဆောင်ရွက် ပေးထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ထံက သိရသည်။

ပြည်သူများ အနေဖြင့်လည်း ဖုန်းဘေလ်များကို သဘောမတူပဲ ဖြတ်ခံနေရမှု များအတွက် အနိမ့်ဆုံးအဆင့် စားသုံးသူရေးရာ ဦးစီးဌာနကို ဆက်သွယ် တိုင်ကြား စေလိုသည့်အပြင် ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပြီး လွှတ်တော် ကော်မတီကို အထောက်အထားများ ပေးပို့ပါက အမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်လိမ့်မည်ဟု ဦးထွန်းထွန်းဦးက ပြောသည်။

မကြာသေးမီကလည်း စည်းကမ်းချိုးဖောက်မှုများ ရှိသည့်အတွက် ဆက်သွယ်ရေး အော်ပရေတာ လေးခုကို တစ်ခုလျှင်ဒေါ်လာ တစ်သိန်းစီ နှုန်းဖြင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဒဏ်ရိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly