ရန်ကုန်၊ ဖေဖော်ဝါရီ ၇။ ။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ CB Bank တစ်ခုကို ယနေ့ (ဖေဖော်ဝါရီ ၇ ရက်)နံနက်ပိုင်းက ဓားပြ ဝင်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ဘဏ်မှ မထွက်ခွာမီ ထောင်ထားခဲ့သောဗုံးမှာ အတုဖြစ်နေ ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြောက်ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်- ၁ မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က မဇ္ဈိမသို့ ပြောသည်။
“ လုံ/ နယ်ဝန်ကြီးနဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးက ဘဏ်ထဲထောင်ထားတဲ့ ဗုံးကို စစ်ကြည့်တာလေ မိနစ်ပိုင်းပဲကြာတယ် အခုပြီးသွားပြီဗျ။ ဗုံးက အတုဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ကနဦး သတင်းများအရ ကျူးလွန်သူမှာ နှစ်ဦးဖြစ်ကြောင်း၊ ဘဏ်မှ ငွေကျပ် သိန်း ၆၀၀ ကျော် ယူဆောင်သွား ကြောင်း သိရသည်။ထို သတင်းအချက်အလတ်နှင့် ပတ်သက်ပြီး မဇ္ဈိမက အတည်ပြုချက်များ ရယူနိုင်ရေး အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ကာ သတင်းရယူလျက်ရှိပါသည်။
ဖြစ်စဉ်မှာ မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်ရှိ CB bank စဖွင့်ကာစ အချိန်တွင် သေနတ်ကိုင်ထားသူမှ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကာ ဓားပြတိုက်အပြီး ဗုံးအတုတစ်လုံးကို ဘဏ်အတွင်း ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဘဏ်ရှေ့ရှိ ပရိုဘောက် အမျိုးအစား အငှားယာဉ်ဖြင့် ထွက်ပြေး တိမ်းရှောင်သွားခဲ့ရာ ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်း စစ်ဆေးနေကြောင်း သိရသည်။