အိန္ဒိယက လာမယ့် ငါးနှစ်အတွင်း စစ်လက်နက်ပစ္စည်း ဒေါ်လာ ၅ ဘီလီယံဖိုး တင်ပို့နိုင်ရန် ရှေရှုး

အိန္ဒိယက လာမယ့် ငါးနှစ်အတွင်း စစ်လက်နက်ပစ္စည်း ဒေါ်လာ ၅ ဘီလီယံဖိုး တင်ပို့နိုင်ရန် ရှေရှုး

ဖေဖော်ဝါရီ ၇။         ။ အိန္ဒိယနိုင်ငံက ပြည်တွင်း ထုတ်လုပ်မှု မြင့်မားစေရေးအတွက် လာမယ့် ငါးနှစ်အတွင်း စစ်လက်နက်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုး တင်ပို့သွားနိုင်ရန် ရည်မှန်းချက်ထားကြောင်း ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ဆော်ဒီအာရေဗျနိုင်ငံပြီးရင် ကမ္ဘာ့ ဒုတိယအများဆုံး စစ်လက်နက်ဝယ်ယူတဲ့ နိုင်ငံဖြစ်ကြောင်း Stockholm International Peace Research Institute အရ သိရပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် မိုဒီက ရည်မှန်းထားတဲ့ Made in India အစပျိုးလုပ်ငန်းစဉ်ကနေ စစ်လက်နက် တင်သွင်းနေရတဲ့ နိုင်ငံကနေ တင်ပို့နိုင်တဲ့ နိုင်ငံအဖြစ် ပြောင်းလဲဖို့ တာဆူနေတော့တာ ဖြစ်ပါတယ်။

“အနည်းဆုံး ငါးနှစ်အတွင်းမှာ အိန္ဒိယဟာ စစ်လက်နက်ထုတ်လုပ်ရာမှာ နောက်ကောက်ကျန်နေရာကနေ အထင်ကရ တိုးတက်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်ခဲ့ပါတယ်။”လို့ လက်နောင်းမှာ ပြုလုပ်တဲ့ စစ်လက်နက်ပစ္စည်း ပြပွဲ အဖွင့်မိန့်ခွန်းမှာ မိုဒီက ပြောပါတယ်။

ငါးရက်တာ ကျင်းပပြုလုပ်တဲ့ ကြည်း၊ ရေ၊ လေ စစ်လက်နက်ပစ္စည်းတွေ ပြပွဲကို ပြင်သစ်၊ အမေရိကန်နဲ့ အိန္ဒိယကို စစ်လက်နက် အများဆုံး ထောက်ပံ့ပေးနေရာ ရုရှားနိုင်ငံတို့ တက်ရောက်ခဲ့ပါတယ်။

ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး ရန်ဖက် ပါကစ္စတန်နဲ့ ပြီးခဲ့တဲ့နှစ်က လေကြောင်းစစ်ပွဲ ဖြစ်ထားခဲ့တဲ့ အိန္ဒိယဟာ တရုတ်အပါအဝင် ဒေသတွင်း ပြိုင်ဖက်နိုင်ငံတွေကို တန်ပြန်နိုင်ရေးအတွက် ၎င်းရဲ့ စစ်လက်နက်စွမ်းရည်ကို မြှင့်တင်နိုင်ရေး လိုလားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly