သဘာဝဘေးအန္တရာယ်ကြုံတွေ့ရာတွင် ပြင်းထန်မှုအပေါ် မူတည်ပြီး ထူထောင်ရေး လုပ်ပေး

သဘာဝဘေးအန္တရာယ်ကြုံတွေ့ရာတွင် ပြင်းထန်မှုအပေါ် မူတည်ပြီး ထူထောင်ရေး လုပ်ပေး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၇။            ။ မွန်ပြည်နယ်အစိုးရအ‌နေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု ပြင်းထန်မှုပေါ်မူတည်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေး‌နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု ရေးဝန်ကြီး ဒေါက်တာထိန်လင်း ကပြောသည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ တွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး မှ ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ အုပ်စု၊ မုကျိကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော နေအိမ် ၂ လုံးအတွက် ပြည်နယ်အစိုးရအနေဖြင့် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေခွန်း အတွက် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကတော့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို ပြင်းအားပြင်းထန်မှုအပေါ်မူတည်ပြီးတော့ ကိုယ်စားလှယ်တင်ပြ ထားသလို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်တယ်၊ ဒီမလတ်တောင်မြေပြိုမှုကတော့ အားလုံးသိကြတဲ့ အတိုင်းပဲ လူပေါင်း(၇၀)ကျော်သေဆုံးခဲ့ပြီးတော့၊ တချို့အိမ်ထောင်စုအားလုံးသေဆုံးခဲ့သည်အထိ ပြင်းထန်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ကတော့ သဘာဝဘေးအန္တရာယ်ပြင်းထန်မှုပေါ်မူတည်ပြီးတော့ပဲ ပြည်နယ်အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း” ဟု ဒေါက်တာထိန်လင်းက ပြောသည်။

မလတ်တောင်မြေပြိုမှုကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များအတွက် မွန်ပြည်နယ်အစိုးရမှ နေအိမ်များပြန်လည် တည်ဆောက် ပေးနေသော်လည်း အဆိုပါမလတ်တောင်မြေပြိုကျခဲ့သည့်နေ့မှာပဲ ပေါင်မြို့နယ် မုကျိ ကျေးရွာ မြေပြိုမှုတွင် ပါဝင်သွားသော ဦးခင်စိုးပါ နှစ်ဦး၏ နေအိမ်များအတွက် မြေနေရာ အစားပြန်မရသေးသလို အစိုးရအဖွဲ့မှ နေအိမ်အစားပြန်လည်တည်ဆောက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု ပြင်းထန်သည် မပြင်းထန်သည်ကို မည်ကဲ့သို့ ဆုံးဖြတ်သနည်းဟု မေးခွန်းမေးသည့် ကိုယ်စားလှယ် ကထပ်မံမေးမြန်းခဲ့သည့် မေးခွန်းအပေါ် ဝန်ကြီးက " ခုကိုယ်စားလှယ်တင်ပြတဲ့ကိစ္စကို ပြည်နယ်အစိုးရအစည်းအဝေးမှ တင်ပြပြီးတော့ အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့လည်း” ဟု ပြန်လည်ဖြေကြားခဲ့သည်။

သြဂုတ်လ ၉ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းနေရာအနှံအပြားတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ပေါင်မြို့နယ်အတွင်း ၁၀ နေရာခန့်ဖြစ်ပွားကာ လူ ၇၀ ကျော်သေဆုံးခဲ့ပြီး၊ နေအိမ်များပြို ကျပျက်စီးမှု၊ ဘုန်းတော်ကြီးကျောင်း ဘုရားစေတီများအပါဝင် ထိခိုက်ပျက်စီးမှုများခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly