ကိုရိုနာအကြောင်း ကြိုတင်သတိပေးခဲ့သည့် တရုတ်ဆရာဝန် သေဆုံး

ကိုရိုနာအကြောင်း ကြိုတင်သတိပေးခဲ့သည့် တရုတ်ဆရာဝန် သေဆုံး
Photo: Weibo

ဖေဖော်ဝါရီ ၇။             ။ ရောဂါမပျံ့နှံ့ခင်ကတည်းက ကိုရိုနာဗိုင်းရပ်စ်အကြောင်း စတင်သတိပေးခဲ့သည့်အတွက် ထိန်းသိမ်းခံခဲ့ရသော တရုတ်လူမျိုးမျက်စိအထူးကုဆရာဝန် Li Wenliang သည် ဆေးကုသမှုခံယူရင်း ဖေဖော်ဝါရီ ၇ ရက်၌ သေဆုံးသွားခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ Li သည် ဝူဟန်ဗဟိုဆေးရုံက မျက်စိအထူးကုပညာရှင်ဖြစ်ပြီး လူနာအချို့ SARS ရောဂါနှင့်အလားသဏ္ဍာန်တူသည့် လက္ခဏာများကို ခံစားနေရသည်ကို မြင်တွေ့ပြီးနောက် အဆိုပါရောဂါအတွက် စိုးရိမ်မိကြောင်း လုပ်ဖော်ကိုင်ဖက်များကို private chat ကနေတစ်ဆင့် ဒီဇင်ဘာလနှောင်းပိုင်းက သတိပေးပြောကြားခဲ့သူဖြစ်သည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

အဲဒီနောက် အာဏာပိုင်များ၏ သတိပေးမှုကိုခံခဲ့ရပြီး ပြည်သူ့လုံခြုံရေးဗျူရိုက Li ကိုဆင့်ခေါ်၍ ဖိအားပေးကာ ဗိုင်းရပ်စ်အကြောင်း မဟုတ်မမှန်ပြောကြားခဲ့ကြောင်း ဝန်ခံကတိထိုးခိုင်းခဲ့ကြသည်။ နောက်ပိုင်းတွင်မှ အာဏာပိုင်များက ပြန်လည်တောင်းပန်ခဲ့ကြသည်။

သိပ်မကြာခင်တွင် Li သည် ချောင်းဆိုးဖျားနာလာပြီး ဆေးရုံ၌ ရက်ပေါင်းများစွာ ဆေးကုသမှုခဲ့ရကာ ဇန်နဝါရီ ၃၀ ရက်က ကိုရိုနာကူးစက်ခံရကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ည တရုတ်နိုင်ငံ ဒေသစံတော်ချိန် ညသန်းခေါင်ယံနောက်ပိုင်း၌ Li ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ဝူဟန်ဗဟိုဆေးရုံမှ လူမှုစာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့ကာ နောက်ပိုင်းတွင် သေဆုံးသွားပြီဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့သည်။ Li ၏ ရောဂါအခြေအနေကို ဆိုးရွားစေသော ငုပ်နေသည့် ထပ်တိုးရောဂါသစ် ရှိ မရှိ ကိုမူ မသိရပေ။

“Li ဟာ ကံမကောင်းစွာနဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားကူးစက်ရောဂါကို အံတုနေရတဲ့အချိန်မှာ သေဆုံးခဲ့ရတာပါ၊ သူ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်”ဟု ဆေးရုံမှ တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးတွင် သေဆုံးသူ ၆၃၆ ဦးနှင့် ကူးစက်ခံရသူ အနည်းဆုံး ၃၁,၀၀၀ ဦး ရှိသွားပြီဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly