အရှည်ကြာဆုံး အမျိုးသမီး အာကာသခရီးစဉ်ကို အမေရိကန်ယာဉ်မှူး စံချိန်ချိုးကာ ကမ္ဘာသို့ ပြန်လည်ရောက်ရှိ

အရှည်ကြာဆုံး အမျိုးသမီး အာကာသခရီးစဉ်ကို အမေရိကန်ယာဉ်မှူး စံချိန်ချိုးကာ ကမ္ဘာသို့ ပြန်လည်ရောက်ရှိ
Photos: AFP

နာဆာမှ အမေရိကန် အမျိုးသမီး အာကာသယာဉ်မှူး ခရစ္စတီးနားကို့စ်ဟာ နိုင်ငံတကာအာကာသယာဉ်စခန်းမှာ တစ်နှစ်နီးပါး နေထိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦးရဲ့ အရှည်ကြာဆုံး အာကာသပျံသန်းမှု စံချိန်ချိုးပြီး ကမ္ဘာမြေဆီ ဖေဖော်ဝါရီ ၆ ရက်မှာ ဘေးကင်းစွာနဲ့ ပြန်လည်ဆင်းသက် ရောက်ရှိလာခဲ့ပါတယ်။

ခရစ္စတီးနားကို့စ်ဟာ ဥရောပအာကာသအေဂျင်စီက လူကာပါမီတာနိုနဲ့ ရုရှားအာကာသအေဂျင်စီက အလက်ဇန္ဒြားဆိုင်ဗော့ဆို့တို့နဲ့အတူ အာကာသအတွင်း ရက်ပေါင်း ၃၂၈ ရက်ကြာ နေထိုင်ပြီးနောက်မှာ ဂရင်းနစ်စံတော်ချိန် ၀၉၁၂ နာရီမှာ ကာဇက်စတန်က မြက်ခင်လွင်ပြင်တစ်နေရာဆီ ဆင်းသက်ရောက်ရှိလာတာ ဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေ ဘေးကင်းစွာနဲ့ မြေပြင်ပေါ် ပြန်လည်ဆင်းသက် ရောက်ရှိတယ်လို့ ရုရှား အာကာသအေဂျင်စီ ရိုကိုမို့ရဲ့ အကြီးအကဲဖြစ်သူ ဒီမီထရီရိုဂိုဇင်က ပြောပါတယ်။

“ယာဉ်ပေါ်က သူတို့အားလုံး အေးဆေးသက်သာ ရှိပါတယ်။ ယာဉ်မှူးအားလုံး အားလုံးကောင်းကောင်းမွန်မွန်ပါပဲ။”လို့ တွစ်တာမှာ ရိုဂိုဇင်က ရေးပါတယ်။

မီချီဂန်ပြည်နယ်ဖွား အသက် ၄၁ နှစ်ရှိ ခရစ္စတီးနားကို့စ်ဟာ ၂၀၁၉ ဒီဇင်ဘာ ၂၈ ရက်မှာ စံချိန်တင်ထားတဲ့ အမျိုးသမီးတစ်ဦး အာကာသအတွင်း ကြာရှည်စွာ နေထိုင်တဲ့ နာဆာက ပက်ဂျီဝတ်ဆန်ရဲ့ ရက်ပေါင်း ၂၈၉ ရက် နေထိုင်ခဲ့တဲ့ စံချိန်ကို ချိုးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ခရစ္စတီးနားကို့စ်အနေနဲ့ နာဆာက လက်တွဲဖော် အမျိုးသမီး အာကာသယာဉ်မှူး ဂျက်စီကာမီယားနဲ့အတူ အောက်တိုဘာလအတွင်းမှာ ပထမဆုံး အမျိုးသမီး အာကာသလမ်းလျှောက်ခြင်းကို သမိုင်းတင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly