မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ လေးဦး ဆေးရုံဆင်းနိုင်ရေးဆောင်ရွက်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ လေးဦး ဆေးရုံဆင်းနိုင်ရေးဆောင်ရွက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆။            ။  မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ရှစ် ဦးအနက်မှ  လေး ဦးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ရောဂါမရှိတာကြောင့် ဆေးရုံကဆင်းဖို့ စီစဉ်နေပြီဟုကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

စောင့်ကြည့်လူနာနှင့်သံသယလူနာ စုစုပေါင်း ၁ဝ ဦးထဲမှ ကျိုင်းတုံပြည့်သူ့ဆေးရုံမှ ကလေးငယ်တစ်ဦး၊ ဝေဘာဂီဆေးရုံမှ တစ်ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကလေးငယ်တစ်ဦး၊ နေပြည်တော်ခုတင်(၁၀၀၀) ဆံ့ဆေး ရုံကြီးမှ တစ်ဦးတို့ကို  ဆေးရုံက ဆင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဒေါက်တာခင်ခင်ကြီးက “အခုလက်ရှိ သံသယလူနာ နှစ်ယောက်နဲ့ စောင့်ကြည့်လူနာ ရှစ်ယောက်ရှိပါတယ်။ စောင့်ကြည့်လူနာ ရှစ်ယောက်ထဲက လေးယောက်ကတော့ စစ်ဆေးပြီး ရောဂါမရှိကြောင်း  တွေ့ရတယ်။ ဆေးရုံ ဆင်းဖို့ ကိစ္စတွေကတော့ ဒီနေ့ဆောင်ရွက်နေပါတယ်။ ဒီနေ့ဆင်းမလား၊ မနက်ဖြန်ဆင်းမလားတော့ မသိသေးပါဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေအထိ   ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာနှစ်ဦး ထပ်တိုးလာသည့်အတွက် စုစုပေါင်း ၁ဝ ဦးရှိနေပြီဖြစ်သည်။တရုတ်(တိုင်ပေ)ကို ပြီးခဲ့သည့် ဒီဇင်ဘာလက သွားရောက်ခဲ့သော မင်္ဂလာဒုံမြို့ နယ်မှ မိခင်နှင့် ကလေးတစ်ဦးကို ဖျားနာချောင်းဆိုးလက္ခဏာတွေ့ရသည့်အတွက် ဖေဖော်ဝါရီ ၅ ရက်ညနေက ရန်ကင်းကလေးဆေးရုံးကြီး၌ စောင့်ကြည့် လူနာ အဖြစ် ကုသပေးလျက်ရှိသည်။

လက်ရှိတွင် ထပ်တိုးလာသော စောင့်ကြည့်လူနာနှစ်ဦးစလုံး ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိပြီး ဓာတ်ခွဲနမူနာများကိုလည်း ထိုင်းနိုင်ငံရှိ WHO ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည် သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မဇ္ဈိမကို ပြောသည်။

 ဒေါက်တာခင်ခင်ကြီးက “မနေ့က (ဇန်နဝါရီ ၅) ညနေ ခြောက်နာရီမှာ ရန်ကင်းဆေးရုံကို ရောက်လာတဲ့ သားအမိနှစ်ယောက် အခြေအနေ ကောင်းပါတယ်။ နဂိုထဲက စောင့်ကြည့်လူနာဆိုတာ လက္ခဏာ ဆိုးဆိုးဝါးဝါး မရှိဘူး။ ဖျားတယ်၊ ချောင်းဆိုးတယ်၊ နှာစေးတယ်၊ တရုတ်က ပြန်လာတယ်။ ဒီလိုမျိုးတွေ့တာနဲ့ အမတို့ ဆေးရုံတင်ပြီး သီးသန့်စောင့်ကြည့်တဲ့ သဘောပဲ။ ဒါပေမယ့် သူတို့ဆီက ဓာတ်ခွဲနမူနာတွေကို ရယူပြီးတော့ ထိုင်းနိုင်ငံကို ပေးပို့ဖို့ လုပ်နေပါတယ်။ ဒီနေ့ပို့ဖြစ်မလား။ မနက်ဖြန်မနက် ပို့ဖြစ်မလား မသိသေးပါဘူး” ဟု ပြောသည်။

 ဖေဖော်ဝါရီ ၆ ရက်အထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၅၆၀ ကျော်ရှိလာပြီး အခြားနိုင်ငံအများအပြားတွင်လည်း ကူးစက်ခံရမှုနှင့် သေဆုံးမှုများ ရှိလာသည်။ အဆိုပါ ဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၂၈၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး WHO ကလည်း ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထားသည်။

နှာစေး ၊ ချောင်းဆိုး၊ ဖျားနာနေသူများ၊ ထိုသို့သော လူနာကို ပြုစုပေးရသူများနှင့် ကျန်းမာရေးဝန်ထမ်းများသာ Msak ကို မဖြစ်မနေ တပ်ရန်လိုအပ်ပြီး သာမန်လူများအနေဖြင့် မကြာခဏလက်ဆေးခြင်း၊ လူထူထပ်သော နေရာကို ရှောင်ခြင်း၊ နှာစေးချောင်းဆိုးသူအနားတွင် မနေခြင်း၊ ကိုယ်ခံအားကောင်းအောင်နေခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါရှိပါက ကုသခြင်း တို့ကိုသာ အဓိက ပြုလုပ်ရန်လိုအပ်ကြောင်းလည်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly