ရန်ကုန်၊ဖေဖော်ဝါရီ ၆ ရက်။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်လိုင်းများ ဖြစ်တဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေး၊ YUPT၊ YPBC၊ ရွှေတောင်ပိုင်း၊ လူထုမိတ်ဆွေ၊ City Transit နဲ့ GYCT စတဲ့ သယ်ယူပို့ဆောင်ရေးအများပိုင် ကုမ္ပဏီတို့တွင် ကဒ်စနစ်နဲ့ ငွေပေးချေနိုင်မယ့် စက်တွေ တပ်ဆင်ပြီးစီးမှု အနေအထားအရ ပထမအဆင့် ယာဉ်စီးရေ ၁၅၀၀ နဲ့ ဒုတိယအဆင့် ယာဉ်စီးရေ ၄၀၀ ကျော် စုစုပေါင်း YBS ယာဉ် အစီးရေ ၁၉၀၀ ခန့်မှာ တပ်ဆင်ပြီးစီးသွားပြီ ဟု YRTA မှ တာဝန်ရှိသူတွေက မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့သည်။ ယခု တွေ့ဆုံပွဲကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်က YRTA ရုံးချုပ် အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
YPS ကဒ်စနစ် စက်တပ်ဆင်ပြီးစီးတဲ့ ယာဉ်တွေပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ (YRTA)မှ တာဝန်ပေးထားတဲ့ ဝန်ထမ်း ၉၅ ဦး မှ အဆိုပါ ကဒ်စနစ်နဲ့ စက်တွေမှာ ငွေပေးချေမှု စနစ်ကို စမ်းသပ်ကာလ အဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။
လက်ရှိ YRTA အနေနဲ့ YPS ကဒ်စနစ် အသုံးပြုနိုင်ရန် စက်ပစ္စည်းတပ်ဆင်ခြင်း၊ နည်းပညာပိုင်း စစ်ဆေးခြင်း၊ စမ်းသပ်အသုံးပြုခြင်း၊ အများပြည်သူထံ သုံးစွဲမှု နည်းလမ်းမျှဝေခြင်း နဲ့ YPS ကဒ်များ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း စတဲ့ နည်းလမ်းများအတိုင်း အဆင့်လိုက် သက်ဆိုင်ရာ ကဒ်စနစ် ဝန်ဆောင်မှု ကုမ္ပဏီ၊ ယာဉ်လိုင်းများနဲ့ ချိတ်ဆက်၍ ဆောင်ရွက်လျက်ရှိသည် ဟု သိရသည်။
အဆိုပါ YPS ကဒ်စနစ် တွင် သက်ဆိုင်ရာ ခရီးစဉ်အလိုက် ပုံသေသတ်မှတ်ထားသည့် ယာဉ်စီးခ နဲ့ ခရီးစဉ် အကွာအဝေးပေါ် မူတည်ဖြတ်တောက်မည့် ယာဉ်စီးခ ဟူ၍ ခွဲခြားသတ်မှတ်ရန် ရည်ရွယ်ထားပြီး ကဒ်စနစ် စတင်အသုံးပြုနိုင်မယ့် အချိန်ကာလအားဖြင့်တော့ စမ်းသပ်ကာလ အတွင်းတွေ့ရှိချက်များ အပေါ်မူုတည်ပြီး သတ်မှတ်သွားမည် ဖြစ်သည်။