ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား……

ဒါတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တယ် ဆိုတာ တကယ်လား……

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အမျိုးသမီးတစ်ယောက် အတွက် စိတ်အလှုပ်အရှားရဆုံးအချိန်က မေမေဖြစ်မယ့် အခွင့်အရေးရဲ့ အစပျိုးချိန် ကိုယ်ဝန်ဆောင်ချိန်ပါ။ မွေးဖွားလာမယ့် ရင်သွေးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ မွေးဖွားချင်တဲ့ဆန္ဒ မိခင်တိုင်းမှာ ရှိပါတယ်။ ဒီဆန္ဒလေးကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆင်ခြင်ရတာတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ မေမေတို့ရဲ့ ပူပန်မှုကို မတိုးစေဖို့ ကိုယ်ဝန်ဆောင်မေမေ တိုင်း သိထားသင့်တဲ့ အကြောင်းလေးကို ပြောပြပေးပါရစေ။
ဒါတွေက ကိုယ်ဝန်ကို ထိခိုက်စေနိုင်သလား………

ကိုယ်ဝန်ဆောင်ချိန်က အတိမ်းအစောင်းမခံတဲ့ ကာလပါ။ ဒီကာလမှာ ဒီစကားတွေကြောင့် မေမေရော ဘေ​ဘီလေးပါမထိခိုက်စေဖို့ သတိပြုစေချင်ပါတယ်။

တစ်ခါကိုယ်ဝန်ပျက်ကျဖူးရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များပါတယ်

ပထမတစ်ကြိမ် ကိုယ်ဝန်ပျက်ကျဖူးရုံနဲ့တော့ နောက်တစ်ကြိမ်မှာ ကိုယ်ဝန်ထပ်မပျက်ကျနိုင်ပါဘူး။ လေ့လာမှုစစ်တမ်းတွေအရ ၂ ကြိမ်ဆက်တိုက် ကိုယ်ဝန် ပျက်ကျဖူးသူတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းပိုများနေပါတယ်။ ၃ ကြိမ်ကိုယ်ဝန်ပျက်ကျဖူးသူတွေမှာတော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေက ၃၀ ရာခိုင်နှုန်းအထိ ရှိနေပြီး ၄ ကြိမ်ဆိုရင်တော့ ၄၀ ရာခိုင်နှုန်းအထိရှိနိုင်တယ်၊ လို့သိရပါတယ်။ တကယ်တော့ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကိုယ်ဝန်ပျက်ကျဖူးတာကြောင့် မဟုတ်ပါဘူး။ ဟော်မုန်းမမျှတာ၊ မေမေ့မှာ ရောဂါအခံတစ်ခုခုရှိနေတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတာပါ။ ဒါကြောင့် ပထမကိုယ်ဝန်ပျက်ကျဖူးတိုင်း နောက်ကိုယ်ဝန်လည်းပျက်ကျနိုင်ခြေများတယ်၊ လို့ မယူဆစေချင်ပါဘူး။

သွေးနည်းနည်းဆင်းတာ၊ ဗိုက်အောင့်တာတွေက ကိုယ်ဝန်ပျက်ကျချင်တဲ့ အစောပိုင်းလက္ခဏာတွေပါ

ဒီလက္ခဏာတွေကို ကိုယ်ဝန်ဆောင်မေမေတိုင်း စိုးရိမ်မယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒါပေမယ့် ဒီလက္ခဏာတွေက ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာဖြစ်တတ်ပါတယ်။ အရမ်းစိုးရိမ်ဖို့ မလိုတဲ့ အနေအထားပါ။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ သွေးအနည်းငယ်ဆင်းတာက ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ခံစားရလေ့ရှိတဲ့ လက္ခဏာတစ်ရပ်ပါ။ သန္ဓေသားက သားအိမ်နံရံမှာတွယ်ကပ်တဲ့အချိန်မှာ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ဒါ​ကြောင့် ဗိုက်ထဲကအောင့်တယ်၊ သွေးနည်းနည်းဆင်းတယ်ဆိုတိုင်း ကိုယ်ဝန်ပျက်ကျနိုင်တယ်။လို့ မဆိုသာပါဘူး။

ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ဖျားနာရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များတယ်

ဒီအချက်က မမှန်ဘူးလို့ပဲ ပြောပါရစေ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ရဲ့ ကိုယ်ခံအားက သာမန်အချိန်ထက် နည်းနေတတ်ပါတယ်။ ဒါ​ကြောင့် ဖျားနာလွယ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ အဖျားမကြီးဘူး။ သာမန်အဖျားလောက်ပဲဆိုရင်တော့ ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။ တကယ်လို့ အဖျားကြီးမယ်ဆိုရင်တော့ ဆရာဝန်ကို အမြန်ဆုံးသွားပြစေချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ဝန်ပျက်ကျစေနိုင်တယ်

ဒါက လေ့လာမှု အထောက်အထားတွေမရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်သင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ လမ်းလျှောက်တာ၊ ကိုယ်ဝန်ဆာင် ယောဂလေ့ကျင့်တာလိုမျိုး ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အရမ်းပင်ပန်းတာမျိုးကို မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း ရေကို လုံလောက်အောင်သောက်ပေးပါ။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးတာက မွေးဖွားရလွယ်ကူစေပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်လို့မရဘူး

ကိစ္စတော်တော်များများက ကြိုတင်ကာကွယ်ဖို့ခက်ခဲတယ်ဆိုပေမယ့် ကိုယ်ဝန်မပျက်အောင်တော့ ကာကွယ်လို့ရပါတယ်။ ကိုယ်ဝန်မပျက်ကျစေချင်ဘူးဆိုရင်

  •     ဆေးလိပ် မသောက်ပါနဲ့
  •     ဆေးလိပ်ငွေ့ရှောင်ပါ
  •     အယ်လ်ကိုဟောရှောင်ပါ
  •     မူးယစ်ဆေးသုံးစွဲတာမျိုးမလုပ်ပါနဲ့
  •     သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
  •     အာဟာရပြည့်ဝမျှတအောင် စားသုံးပါ။

ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေရော ဘေဘီလေးကိုပါ မထိခိုက်စေနိုင်တာကြောင့် ဒီအချက်တွေကောင့် စိတ်ဖိစီးမှုဖြစ်မနေဖို့ မေမေတို့ကို ပြောပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly