ကျောင်းသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာခွင့် မရသေး

ကျောင်းသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး ဒုတိယအတွင်းဝန် ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာခွင့် မရသေး

ဖေဖော်ဝါရီ ၅ ရက်။          ။ မြန်မာကျောင်းသား ၅၉ ဦးကို ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံပြန်ပို့နိုင်ရေး ဘေကျင်းမြို့မှ ဝူဟန်မြို့သို့ သွားရောက်စီစဉ်ပေးမှုများ ပြုလုပ်ခဲ့သော ဘေကျင်းအခြေစိုက်မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းသည် ဝူဟန်မြို့တွင် ခန့်မှန်းခြေ ၁၄ ရက်နေရဦးမည်ဖြစ်ပြီး ဘေကျင်းသို့ ပြန်မရောက်နိုင်သေးကြောင်း သိရသည်။

ဦးစိုးပြည့်ဝင်းက “လောလောဆယ်တော့ သူတို့သတ်မှတ်တဲ့ ရက်ကလေးတွေ ရှိတယ်ဗျ။ ကျန်းမာရေးကြောင့် မဟုတ်ဘဲ၊ ဒီကပြန်ထွက်ဖို့ဆို ညွှန်ကြားချက်တွေ စောင့်နေတုန်းပါ။ ခန့်မှန်းခြေအားဖြင့်တော့ ၁၄ ရက်လောက် နေရမယ့် ပုံစံမျိုးရှိတယ်။ တစ်ခြားညွှန်ကြားချက်တို့ ထပ်ထွက်လာမလားတော့ ညှိနေရတုန်းပေါ့။ လက်ရှိကတော့ ဒီမှာ နေနေရဦးမယ်။ ဘယ်တော့ထွက်လို့ ရမလဲမသိသေးဘူး။ ကျန်းမာရေးနဲ့ တစ်ခြားထူးခြားချက် ရှိလာ မလား စောင့်ကြည့်တဲ့ သဘောမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ဝူဟန်မြို့တွင် အစားအသောက် အခက်အခဲမရှိဘဲ အဆင်ပြေကြောင်းလည်း ဦးစိုးပြည့်ဝင်းက ပြောသည်။

“အခက်အခဲကတော့ မရှိပါဘူး။ အကုန်အဆင်ပြေပါတယ်။ ဆိုင်တွေလည်းဖွင့်တယ်။ လူတွေလည်း သွားလာပြီဆိုတော့ အခက်အခဲ မရှိပါဘူး” ဟု ဦးစိုးပြည့်ဝင်းက ပြောသည်။

မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ရာတွင် ကိုယ်အပူချိန်မြင့်နေသောကြောင့် ဝူဟန်မြို့တွင် ကျန်ရှိနေခဲ့သည့် ကျောင်းသားနှစ်ဦးသည်လည်း မြန်မာနိုင်ငံပြန်နိုင်ရန် ဆန္ဒရှိနေပြီး သံရုံးမှ ဆက်လက် ညှိနှိုင်း ပေးနေကြောင်းလည်း သိရသည်။

ဦးစိုးပြည့်ဝင်းက “ကိုယ်အပူချိန်တိုင်းတုန်းက မြင့်နေတဲ့ ကျောင်းသားနှစ်ယောက်အနေနဲ့လည်း ပြန်ဖို့ အခုဆန္ဒရှိနေကြပါတယ်။ သူတို့က လေယာဉ်နဲ့ မလိုက်နိုင်ခဲ့တာကြောင့် အဲ့တုန်းက အခြေအနေနဲ့တော့ မတူတော့ဘူး။ ပြန်ဖို့က လေယာဉ်မဟုတ်ဘဲ တစ်ခြားဟာနဲ့ ပြန်ဖို့က သံရုံးက လုပ်ပေးနေတုန်း။ ကျွန်တော်လည်း အတိအကျ မသိသေးဘူး။ တရုတ်ဘက်က ပြန်ထွက်နိုင်ရေး ခွင့်ပြုဖို့ ဆက်ပြီး လုပ်နေတုန်းပါ” ဟုပြောသည်။

မြန်မာကျောင်းသား ၅၉ ဦးကို ဝူဟန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မနက်အစောပိုင်းတွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ ကျောင်းသားများ ပြန်လည် ဘရောက်ရှိလာခဲ့ရာ လက်ရှိတွင် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် သီးသန့်ထားကာ ၁၄ ရက်စောင့်ကြည့်နေပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။

ဝူဟန်မြို့က စတင်ဖြစ်ပွားပျံ့နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ တရုတ်ပြည်မကြီးအတွင်း သေဆုံးသူစုစုပေါင်း ၄၉၀ ရှိပြီး နိုင်ငံပေါင်း ၂၀ ကျော်နှင့် လူပေါင်း၂၄၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly