ဖွဲ့စည်းပုံပြင်ဆင်ရေး မဖြစ်နိုင်ဟု ကြံ့ခိုင်ရေးပါတီပြော

ဖွဲ့စည်းပုံပြင်ဆင်ရေး မဖြစ်နိုင်ဟု ကြံ့ခိုင်ရေးပါတီပြော
ဓာတ်ပုံ - နန့်ခိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅။              ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်  ဖွဲ့စည်းထားသည့် ၄၅ ဦး ပူးပေါင်းကော်မတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ် သည် အောင်မြင်ရန် မဖြစ်နိုင်ဘူးဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ရှိ Melia Hotel တွင် USDP ပါတီမှ ဦးဆောင်ပြုလုပ်သည့်   “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဘာကြောင့် ပြင်မှာလဲ၊ ဘယ်လိုပြင်မလဲ” ဆွေးနွေးပွဲ စကားဝိုင်းမှာ အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်မှ “ပြည်သူ့ရွေးချယ်ထားတဲ့ ၇၅ ရာခိုင်နှုန်း အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေမှ အားလုံးညီညွတ်အောင် မဆောင်ရွက်နိုင်ဘဲ ငါတကော ကောလုပ် ဆောင်နေ ရင် ဒါက ဘယ်လို့မျိုး အောင်မြင်နိုင်မလဲ။ ဒါဆိုရင် တိုင်းရင်းသားတွေ လိုလားနေတဲ့  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သမ္မတက တိုက်ရိုက် မဟုတ်ဘဲ  သက်ဆိုင်ရာ လွှတ်တော်ကသာ ဝန်ကြီးချုပ် ခန့်အပ်မည့်  အခြေခံဥ ပဒေ ပုဒ်မ ၂၆၁ က အကြာကြီး စောင့် ဆိုင်း နေရမှာပေါ့။ ကိုယ်အကျိုးပဲ ကိုယ်ကြည့်နေကြတာ” ဟု  ပြောသည်။  

အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲသို့ ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏  ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့်တို့ ဦးဆောင်  ဆွေးနွေးခဲ့ကြသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် လွှတ်တော်အတွင်း ပွတ်တိုက်မှု အနည်းဆုံးနှင့်  ပြင်ဆင်နိုင်ရန် အလွယ်ဆုံး နေရာကနေ စတင် ပြင်ဆင်သင့်ကြောင်း ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ထောက်ပြသည်။

“ပြည်ထောင်စုဥပဒေအမှတ် ၄၅ / ၂၀၁၀ ခုနှစ်တုန်းက ရေးဆွဲတုန်းက ၊ ၅၄ ချက်ကို အခြေခံပြီး အခြေခံဥပဒေကို ပြင်ဆင် တယ်၊ နံပါတ် ၁ တပ်မတော်ကလည်း မကန့်ကွက်ဘူး။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကလည်း အကုန်လုံး သဘောတူတယ်၊ ကန့်ကွက်စရာ မရှိဘူး။ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ၊ကျွန်တော်က တပ်မတော်သားတွေနဲ့ ခင်တော့ သူတို့မေးတယ်။ ခင်ဗျား တို့က မဲပေးမလားဆိုတော့ သူတို့က ပေးမယ်တဲ့၊ ဘာလို့လဲဆိုတော့ ဒါက လုပ်သင့် တဲ့အရာတဲ့၊ အဲ့တော့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ က စင်ပေါ်ရောက်သွားရင် ကျွန်တော်ထင်တာက ပြည်သူရွေးတဲ့လူတွေက လုပ်ပေးပြီးတော့  ရာနှုန်းပြည့်နဲ့ အခြေခံဥပဒေ  ပုဒ်မ ၂၆၁ ကို ပြင်မယ်လို့ ထင်ခဲ့တာ ။ ကျွန်တော်အထင် မဖြစ်ခဲ့ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် USDP ပါတီက ကိုယ်စားလှယ်များ တင်ပြထား သော ဥပဒေမူကြမ်း  ၅ ခု ရှိပြီး ၄၅ ဦး ပူးပေါင်းကော်မတီက တင်ပြလာမည့် မူကြမ်း ၂ ခု ပါဝင်လာရင် စုစုပေါင်း ၇ ခုအထိ ရှိလာမည်ဖြစ်သည်။  

အဆိုပါ ဥပဒေမူကြမ်း အားလုံးကို  ပြည်ထောင်စုလွှတ်တော်တွင်  တပြိုင်တည်း ဆွေးနွေးပြီး နိုင်ငံရေးပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြထားသည့် အချက်ပေါင်း ၃၇၀၀ ကျော်ထဲက  ဥပဒေမူကြမ်း တစ်စောင် ပေါ်ထွက်လာရန် စီစဉ်နေကြောင်း သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တင်သွင်းလာမည့်  မူကြမ်း ၇ ခုကို လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ကာ  ဖွဲ့စည်းပုံပြင်ဆင်ရေး ကို  ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း USDP ပါတီမှ ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးသောင်းအေးက  ပြောသည်။

“မူကြမ်း ၇ ခုမှာ ဘယ်ဟာက အမျိုးသား အကျိုးစီးပွားအတွက် လိုအပ်ဆုံး ဖြစ်မှာလဲ ၊ ဘယ်ဟာက ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေ ဖြစ်မလဲဆိုတာ  ဒီအပေါ် ဆင်ခြင်သုံးသပ်နိုင်တဲ့ အပေါ်မူတည်ပြီး အောင်မြင်မှု ရမှာပါ။

ကျွန်တော်တို့တင်တဲ့ ဥပဒေ ပုဒ်မတွေက တကယ်ကိုး အမျိုးသားအကျိုးစီးပွားအတွက် ပြင်သင့်ပြင်ထိုက်တာဖြစ်ရင် ကျွန်တော်တို့ အောင်လိမ့်မယ်။ ၄၅ ဦး ပူးပေါင်းကော်မတီကနေ တင်ထားတာက အမျိုးသားအကျိုးစီး ပွားအတွက်၊ နိုင်ငံတော်နှင့် နိုင်ငံသားအတွက် ပြင်ဆင် ထားတဲ့ ပြင်ဆင်ချက်တွေ ဖြစ်ရင် သူတို့ အောင်လိမ့်မယ်”ဟု ၎င်းက ပြောသည်။

မူလက   ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင်  အဖွဲ့ဝင် ၄၅ ဦး ဖြင့်ဖွဲ့စည်းထားသော်လည်း    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်များ နှုတ်ထွက်ခဲ့ခြင်းကြောင့် လက်ရှိတွင်   အခြေခံဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ၄၀ ဦးသာ ကျန်ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly