တရားမဝင် လူခိုးသွင်းပါက ထောင်ဒဏ်နှင့် ယွမ်ငွေ ၅ သိန်းအထိ ချမှတ်အရေးယူမည်ဟု NDAA ထုတ်ပြန်

တရားမဝင် လူခိုးသွင်းပါက ထောင်ဒဏ်နှင့် ယွမ်ငွေ ၅ သိန်းအထိ ချမှတ်အရေးယူမည်ဟု NDAA ထုတ်ပြန်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ဖေဖော်ဝါရီ ၅။                ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခြင်းကြောင့် တရုတ်ပြည်ဘက်မှ တရားမဝင် လူခိုးသွင်း သူများအား စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၁ လ အပါအဝင် ယွမ်ငွေ ၅ သိန်းအထိ ချမှတ် အရေး ယူသွား မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)မှ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားပါသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(Novel Corona Virus) အဆုတ်ရောင်ရောဂါအား ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ စစ်ဆေးထိန်းချုပ်နေသည့် အချိန်ကာလ အတွင်း၌ ပြင်ပဒေသများမှ မိမိတို့ ဒေသအတွင်းသို့ မည်သည့် လမ်းကြောင်းမှဖြစ်စေ ဝင်ရောက်လာခြင်းအား တင်းကျပ်စွာ တားမြစ်ထား ကြောင်း ဖော်ပြထားသည်။

ထို့နောက် သတ်မှတ်ချက်အား လိုက်နာခြင်း မရှိသူများကို တရားဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်မှ တရားမဝင် လူခိုးသွင်းမှုအား ဦးဆောင်လုပ်ကိုင်ပေးသူ၊ အကူအညီ ပေးသူများ အနေဖြင့် ရာဇဝတ် ပြစ်မှုဆိုင်ရာအရ ရက် ၃၀ ကြာ ယာယီဖမ်းချုပ်မှုနှင့် တရုတ် ယွမ်ငွေ နှစ်သိန်းမှ ငါးသိန်းအထိ ဒဏ်ငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန် ကြေညာထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်အေးအေး မြင့်က “အခုအချိန်ထိတော့ ကျွန်မတို့ ဒေသမှာ ရောဂါပိုး သံသယရှိသူ လုံး၀ မရှိသေးပါဘူး၊ အခုက ကျွန်မတို့ တရား ဝင် သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ ဝင်မယ်ဆိုရင် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ စစ်ဆေး မှုကို ခံယူပြီးမှ ဝင်ရပါမယ်၊ ကျွန်မတို့ ထုတ်ပြန်ထားတာက တခြား တရားမဝင်တဲ့ နေရာတွေကနေ လူခိုးသွင်း တာတွေ လုပ်လို့ရှိရင် ထုတ်ပြချက်ထဲက အတိုင်းအရေးယူသွားမှာပါ”ဟု မဇ္ဈိမသို့ ပြောသည်။

လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအပါအဝင် တရုတ်နိုင်ငံ၏ ပြင်ပ နိုင်ငံတချို့တွင် သေဆုံး သူ ၄၀၀ သွားပြီး ဖြစ်ပြီး ကူးစက်ခံရသူ အရေအတွက်ကလည်း ၂ သောင်းကျော်ရှိကြောင်း၊ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိ လူနာ ၆ ဦး ရှိကြောင်း သိရသည်။

ထို့နောက် မိုင်းလား အထူးဒေသ(၄)သည် ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများသို့ ပြင်ပမှ ဝင်ရောက်လာ သော လူများကို တင်းကြပ်စွာ ကျန်းမာရေးစိစစ်မှုများ ပြုလုပ်လျက်ရှိပြီး တရားမဝင် လူခိုးသွင်းမှုများ ပြုလုပ် ပါက ထိုပုဂ္ဂိုလ်ကို ထိရောက်စွာ အရေးယူသွားရန်လည်း ထုတ်ပြန်ထားပါသည်။

မြန်မာ-တရုတ် နယ်စပ် ဝင်ပေါက် တစ်ခုဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာလော့ဂိတ်မှ တဆင့် နေ့စဉ် မြန်မာပြည်တွင်းသို့ တရားဝင် ဝင်ရောက်သူ ၃၅၀ ခန့်ရှိကာ မြန်မာပြည်မှ တရားဝင် ထွက်ခွာသူ ၄၀၀ ကျော်ထိ ရှိနေကြောင်း ရှမ်းပြည် နယ်အရှေ့ပိုင်း- အထူးဒေသ(၄)မှ ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

လက်ရှိမှာတော့ မိုင်းလားမြို့အတွင်းရှိ ဟိုတယ်၊ လောင်းကစားရုံများကို ပိတ်ထားပြီး နယ်စပ်ဂိတ်များကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေမှုများရှိကြောင်း မိုင်းလားမြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

မိုင်းတုံမြို့နယ် မဲဆန္ဒနယ်မှ ရှမ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစန်းဝင်းအောင်က “ကျွန်တော်တို့ မိုင်းတုံ  ဘက်ကတော့ တစ်ပတ်လောက်ရှိပြီ တရားမဝင် လမ်းကြောင်းတွေကို အကုန်ပိတ်ထား ပါတယ်၊ ကျန်တဲ့ တာချီ လိတ်တို့၊ မိုင်းလားတို့ ဘက်ကကျတော့ နည်းနည်းဝေးတော့ အတိအကျတော့ မသိဘူး။ သူတို့လည်း ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေတယ်လို့တော့ သတင်းကြားတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ထိုင်းနှင့် လာအိုနိုင်ငံများဘက်မှ တရားမဝင် ဝင်ရောက်မှုများ ရှိကြောင်း သို့သော်လည်း ကျန်းမာရေး စစ်ဆေးမှုများ ခံယူပြီးမှသာ ဝင်ခွင့်ပြုကြောင်း မဇ္ဈိမသို့ ပြောသည်။

“တရားမဝင်အနေနဲ့ ထိုင်းဘက်ကနေ ဝင်လာတာတွေလည်းရှိတယ်၊ နောက် လာအိုဘက်ကနေ ဝင်လာတာ မျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူပြီးမှတော့ ဝင်ခွင့်ပြုပါတယ်၊ တခြား မြို့တွင်း က ဘယ်နေရာကိုမှ ပိတ်ထားတာမျိုး တားမြစ်ထားတာမျိုးလည်း မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကတော့ ကြိုတင်ကာကွယ်မှု လုပ်တဲ့ သဘောအနေနဲ့တော့ လှည့်လည် စစ်ဆေးတာတွေကိုတော့ လုပ်နေပါ တယ်” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း- အထူးဒေသ(၄)သည် ထိုင်းနှင့်လာအို နယ်စပ်များဖြစ်သည့် ကျိုက်လတ်ဝင်ပေါက် (လာအို)၊ ရွှေတြိဂံနယ်မြေ မိုင်းဖုန်း ဝင်ပေါက်၊ အမှတ် (၁) ချစ်ကြည်ရေးတံတားနှင့် အမှတ် (၂) ချစ်ကြည်ရေး တံတား (ကုန်ပစ္စည်းများသာ) ဝင်ပေါက်များတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း- အထူးဒေသ(၄)ဆိုသည်မှာ ၁၉၈၉ ခုနှစ်က တပ်မတော်အစိုးရနှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA)တို့ ငြိမ်းချမ်းရေး ရယူခဲ့သည့်အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ မိုင်းလား ဒေသ၊ ဆီလူးဒေသ၊နမ့်ပန်းဒေသတို့ကို စုစည်း၍ အထူးဒေသ(၄) အဖြစ် အစိုးရဘက်က သတ်မှတ် ပေးထားခြင်း ဖြစ်သည်။

အဆိုပါ NDAA မှ ထိပ်သီးခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသည့် စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ အထူးဒေသ(၄)၏ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍ အသီးသီး ကို စီမံခန့်ခွဲလျက်ရှိပါသည်။ အထူးဒေသ(၄)သည် မိုင်းလားမြို့ကို ဗဟိုအုပ်ချုပ်နယ်မြေအဖြစ် သတ်မှတ်ထားပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly