မြိတ်စည်ပင်ဈေးကြီး ကျပ်သိန်း ၅၀၀၀ နီးပါးဖြင့် ပြုပြင်မည်

မြိတ်စည်ပင်ဈေးကြီး ကျပ်သိန်း ၅၀၀၀ နီးပါးဖြင့် ပြုပြင်မည်

မြိတ် ဖေဖော်ဝါရီ (၄) ။               ။ ကန့်ကွက်မှုအချို့ရှိသော်လည်း မြိတ်မြို့ ဆိပ်ငယ် ဈေးကြီးကို ကျပ်သိန်း ၄၉၂၅ သိန်း အကုန်ကျခံ၍ ဖေဖော်ဝါရီလအတွင်း ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်းမြို့နယ်စည်ပင်သာယာရေးကော်မတီက ပြောသည်။

မြို့လယ်ခေါင်ရှိ ဈေးကြီးကို ပြုပြင်ရန် အတွက် စီစဉ် နေရာမှ ဈေးသည် တစ်ချို့ကကန့်ကွက်မှု ရှိခဲ့နေပြီး ဒီမိုကရေစီနည်း အကျ ဆန္ဒမဲ ကောက်ယူခဲ့ကာ ဈေးသည်၉၀ ရာခိုင်နှုန်းရဲ့ သဘောထား ဆန္ဒအရ ပြန်လည် ပြုပြင်ရန် လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရခဲ့သည်ဟု ဆိုသည်။

စည်ပင်သာယာကော်မတီ အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှသည်  ၁၀ ရက်  ဈေးရုံအတွင်းရှိ ဆိုင်ခန်းများကို ပြောင်းရွှေ့ဖို့အချိန်ပေးထားပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ပိုင်းတွင် မွမ်းမံမှုလုပ်ငန်း လုပ်မှာဖြစ်သည်။

မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက“ဈေးရုံပုံစံက ကျွန်တော်တို့ အသစ် တည်ဆောက်မှာ မဟုတ်ပါဘူး၊ ဈေးခွင် မြေနေရာနှင့် ခေါင်မိုးတွေကို ပြုပြင် သွားမှာ ဖြစ်တယ်၊ ဈေးသူ/ ဈေးသား ၅၀၀ ဦးကျော်ရဲ့ သဘော ဆန္ဒကိုလည်း သဘော တူညီချက် ရထားပါတယ် ”ဟု ပြောဆို သည်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေး ဘတ်ဂျက်ငွေ မှ ဈေးကြီးကို ပြန်လည် ပြုပြင်သည့် အခါမှာ ဈေးရုံကြီး နှစ် ရုံ အတွက်  တစ် ပိုင်းချင်း ပြန်လည် ပြုပြင်မှာ ဖြစ်ကာ ပထမ တစ်ပိုင်း အတွက် အချိန် ခြောက်လယူမည်ဟု သိရသည်။

ဈေး အဆောက် အဦးပုံစံကို နကိုမူလ အတိုင်းပင်ထားကာ တစ်ထပ် အဆောက်အဦးကို သွပ်မိုးခြင်း၊ ရေတံလျှောက်တပ်ဆင်းခြင်း လုပ်ငန်းများပါဝင်မှာဖြစ်သည်။
ဈေးပြန်လည်မွမ်းမံမည့်အစီအစဉ်နှင့်ပတ်သက်ပြီး ကန့်ကွက်သူအချို့ကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအဝင် ဌာနဆိုင်ရာများကို  ဆိုင်းငံ့မိန့်ထုတ်ပေးရန် မေတ္တာရပ်ခံအကြောင်းကြားမှုလည်း ရှိလို့နေသည်။

ထောက်ခံသူများကတော့ လက်ရှိမှာ ဈေးရုံများသည် နှစ်ကာလ ကြာမြင့် နေပြီဖြစ်တဲ့ အတွက် ပျက်စီး ယိုယွင်းနေပြီးအမိုးများ မလုံမလဲဖြစ်လို့နေရာ ပြုပြင်ဖို့လိုသည်ဟု ဆိုသည်။
“ပြန်လည် ပြုပြင် မွမ်းမံမယ် ဆိုတော့ လက်ခံ ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ ဒီဈေးက အမိုးတွေ လုံး၀ မလုံပါဘူး၊ ပျက်စီး ယိုယွင်းနေတော့ မိုးတွင်း ကာလမှာ ဈေးသည်တွေ အခက်ခဲတွေ အများကြီး ဖြစ်ပေါ် နေပါတယ်”လို့ ဈေးသည် မအိအိလွင်က ပြောကြား သည်။

ဈေးကို ပြန်လည် ပြုပြင်ဖို့နဲ့ ပတ်သက်ပြီး စည်ပင်သာယာရေး ကော်မတီက ဈေးရောင်းချ သူတွေကို အကြိမ်ကြိမ် ခေါ်ယူ တွေ့ဆုံမှု ပြုလုပ်ထား သော်လည်း ဈေးရောင်းချသူ တစ်ချို့ကတော့  မူလ ဆိုင်ခန်းတွေကို ပြန်လည် မရရှိမှာကို စိုးရိမ်မှုတွေလည်း ရှိနေသည်။

“ဈေးကို ပြန်လည် ပြုပြင်ဖို့ အတွက် လက်မှတ် လာထိုးခိုင်းတာ ကန့်ကွက်တဲ့ အထဲမှာ ကျွန်မတို့လည်း ပါ ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ဈေး တစ်ခုလုံးကို အသစ် တည်ဆောက်ရင် မူလ နေရာတွေ ပြန်မရမှာကို စိုးရိမ်လို့ ကန့်ကွက်ခဲ့တာ ဖြစ်တယ်”လို့ ဈေးသည် ဒေါ်ခင်ခင်မော်က ရှင်းပြ သည်။မြိတ်မြို့မှာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ဈေးကြီး ခုနှစ်ခုရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly