အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြား၊ ၎င်းလက်ထက် အောင်မြင်မှုတွေကို အမွှမ်းတင် ပြောသွားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြား၊ ၎င်းလက်ထက် အောင်မြင်မှုတွေကို အမွှမ်းတင် ပြောသွားခဲ့

ဖေဖော်ဝါရီ ၅။                 ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေဖော်ဝါရီ ၅ ရက်က ကွန်ဂရက်လွှတ်တော်မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါတယ်။

အဆိုပါ မိန့်ခွန်းပြောကြားရာမှာ ထရမ့်က ၎င်းလက်ထက် စွမ်းဆောင်အောင်မြင်မှုတွေကို အမွှမ်းတင်ပြောဆိုသွားခဲ့ပြီး ကြီးကြယ်တဲ့ အမေရိကန်ခေတ် ပြန်ရောက်ပြီ ဆိုပြီး ကြွေးကြော်သွားခဲ့ပါတယ်။

ဒါဟာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထရမ့်ရဲ့ နောက်ဆုံးပြောကြားတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းလည်း ဖြစ်ပါတယ်။

ထရမ့်ကတော့ ၎င်းပေးထားတဲ့ ကတိကဝတ်တွေကို တည်နိုင်ခဲ့တယ်ဆိုပြီး ဒီမိန့်ခွန်းပြောကြားမှုမှာ ပြောသွားပါတယ်။

အလားတူ ဗင်နီဇွဲလားမှာ သမ္မတ မာဒူရိုအစိုးရ ကြီးစိုးမှုကိုလည်း ရိုက်ချိုးသွားမယ်လို့ ထရမ့်က ပြောသွားပါတယ်။

တချိန်တည်းမှာလည်းပဲ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းမှုကိုလည်း ထရမ့်က လုပ်ဆောင်သွားမယ်လို့ ထပ်လောင်းကတိပြုသွားပါတယ်။

အလားတူ ၎င်းရဲ့ ဒီမိုကရက်တစ် နိုင်ငံရေးပြိုင်ဘက်တွေကို ရည်ညွန်းတဲ့အနေနဲ့ ဆိုရှယ်လစ်ဇင်ကို ဆန့်ကျင်ကြောင်း ထရမ့်က သတိပေးပြောကြားသွားပါသေးတယ်။

ယခုတစ်ကြိမ် ပြောကြားတဲ့ ထရမ့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှုမှာတော့ အမေရိကန်နိုင်ငံရေးသမားတွေအကြား ခါးသီးတဲ့ အကွဲအပြဲတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ယခု မိန့်ခွန်းမှာ ရီပတ်ဘလစ်ကန် သမ္မတရဲ့ အမွှမ်းတင်ကြွားလုံးတွေကို ဒီမိုကရက်တစ်တွေဘက်က သဘောမတူဘဲ ဆန့်ကျင်ခဲ့ကြပြီး ယင်းမတိုင်မီ ဒီမိုကရက်တစ် ခေါင်းဆောင် အောက်လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီကလည်း ရုပ်သံမှာ တိုက်ရိုက်လွှင့်နေချိန် ထရမ့်ရဲ့ မိန့်ခွန်းစာရွက် ကော်ပီကို စုတ်ဖြဲပစ်ပြခဲ့ပါတယ်။

“ ဒါကို ယဉ်ကျေးသမှုနဲ့ လုပ်ခဲ့တာပါ၊ အခြား ရွေးချယ်စရာတွေအကြောင်း စဉ်းစားရင်းနဲ့ပေါ့လေ” ဟု နန်စီပလိုစီက နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

အစဉ်အလာအားဖြင့် ဒီလို မိန့်ခွန်းပြောဆိုချိန်မျိုးမှာ နိုင်ငံရေး စစ်ပြေငြိမ်းတဲ့ အခိုက်အတန့်သာ ရှိခဲ့သော်ငြား ယခုတစ်ကြိမ် ထရမ့်ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမှုကတော့ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံမှာ နိုင်ငံရေးဆိုင်ရာ အတိုက်အခိုက်တွေ အရှိန်မြင့်မြင့်နဲ့ ဖြစ်ပေါ်နေတာကို ထင်သာမြင်သာ ရှိစေခဲ့ပါတယ်။

ဒီမိန့်ခွန်းပြောကြားမှုဟာ အစပိုင်းမှာ မကြည်ဖြူမှုတွေနဲ့ စခဲ့သလို အဆုံးပိုင်းမှာလည်း ထရမ့်က ယခင်အစဉ်အလာကို လျစ်လျူရှုပြီး နောက်မှာ ထိုင်နေတဲ့ နန်စီပလိုစီ ကမ်းပေးတဲ့ လက်ကို ဆွဲကိုင်နုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တာ ကြောင့် မကြည်ဖြူမှု အခြေအနေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly