Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)

Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Steven-Johnson syndrome ဆိုတာ ရုတ်တရက် အရေပြားမှာ အပူလောင်သလို အရည်ကြည်ဖုတွေထွက်လာပြီး တစ်ကိုယ်လုံးကို ပျံ့သွားတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီး အချိန်မီမကုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အရေပြားနဲ့ အချွဲအမြှေးပါး mucosaရှိတဲ့နေရာ (ဥပမာ မျက်လုံး၊ နှုတ်ခမ်း၊ ပါးစပ်၊ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်)မှာ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ Steven-Johnson syndrome ရောဂါက ဘာလို့ဖြစ်ရတာလဲ။ ဖြစ်လာရင်ရော ကုလို့ရပါ့မလားဆိုတာ ဆက်ကြည့်ရအောင်။

ဘာလို့ဖြစ်ရတာလဲ။

အလွယ်ပြောရရင်တော့ ဆေးဓာတ်မတည့်လို့ shockရတာနဲ့တူပါတယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေးသောက်၊ ဆေးထိုးမိတာဖြစ်ဖြစ်၊ ရောဂါပိုးတစ်ခုခုဝင်တာဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ဘာအကြောင်းရင်းမှမရှိဘဲ ထဖြစ်တတ်ပါသေးတယ်။

ဆေးဝါးတွေထဲမှာဆိုရင်

  •     ဆာလ်ဖာပါတဲ့ဆေးတွေ
  •     ဂေါက်ရောဂါကုဆေးတွေ (ဥပမာ Allopurinol)
  •     နှာစေးချောင်းဆိုးပျောက်ဆေးတွေ
  •     အတက်ကျဆေးတွေ (HLA-B*1502မျိုးဗီဇရှိရင်ပိုဖြစ်ပါတယ်)
  •     အကိုက်အခဲပျောက်ဆေးတွေ
  •     ကင်ဆာဆေးတွေ
  •     ပိုးသတ်ဆေးတွေ စတာတွေပဲဖြစ်ပါတယ်။

အဲ့တော့ ဆေးတွေလို့သာပြောတာ တကယ်တော့ ဆေးတိုင်းလိုလိုဖြစ်တတ်ပါတယ်။

ရောဂါတွေထဲမှာဆိုရင်တော့

  •     ရေယုန်ဗိုင်းရပ်စ်
  •     နမိုးနီးယား
  •     HIV
  •     အသည်းရောင်အသားဝါအေပိုးစတာတွေပဲဖြစ်ပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

  •     HIVပိုးရှိတဲ့သူတွေ
  •     အရေပြားလေးဖက်နာ (SLE)ရှိတဲ့သူတွေ
  •     ကိုယ်ခံအားနည်းတဲ့သူတွေ (ရိုးတွင်းခြင်ဆီအစားထိုးတဲ့သူ၊ ကင်ဆာရောဂါရှိတဲ့သူ)
  •     အရင်ကဖြစ်ဖူးတဲ့သူတွေ
  •     မိသားစုထဲမှာ ရောဂါရာဇဝင်ရှိတဲ့သူတွေ
  •     HLA-B*1502မျိုးဗီဇရှိတဲ့သူတွေ (ဒီဗီဇက အရှေ့တောင်အာရှသားတွေမှာတွေ့ရတာ များပါတယ်။)

ဘာလက္ခဏာတွေပြမှာလဲ။

စစချင်းမှာတော့

  •     ဖျားတာ
  •     လည်ပင်းနာတာ
  •     နုန်းတာ
  •     ချောင်းဆိုးတာ
  •     မျက်စိနာတာတွေဖြစ်တတ်ပါတယ်။ ရက်နည်းနည်းကြာရင်တော့
  •     တစ်ကိုယ်လုံးက အသားတွေနာလာမယ်
  •     အနီကွက်တွေထွက်လာမယ်
  •     အရေပြားနဲ့ ပါးစပ်တစ်ဝိုက်၊ နှာခေါင်း၊ မျက်လုံးနဲ့ လိင်အင်္ဂါမှာ အရည်ကြည်ဖုတွေထွက်လာမယ်
  •     ပြီးရင် အရေပြားတွေကွာကြတဲ့အထိဖြစ်တတ်ပါတယ်။

ဒါဟာ အရေးပေါ်အခြေအနေပါ။ ဆေးရုံကိုအမြန်သွားပြီး​ကုသမှုခံယူရပါမယ်။
နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

​နောက်ဆက်တွဲတွေကတော့

  •     အရေပြားပိုးဝင်တာ
  •     မျက်စိထိခိုက်တာ (အခြေအနေဆိုးရင် အမြင်ကွယ်တာအထိဖြစ်တတ်ပါတယ်။)
  •     ​အသက်ရှူရပ်တာ
  •     အရေပြားတွေကွာကျပြီး အမာရွတ်တွေကျန်ခဲ့တာ၊ အသားအရောင်မညီတာ
  •     ပါးစပ်စိမရလို့ တံတွေးတွေတောက်လျှောက်ထွက်တာ
  •     ဆီးသွားရင်နာတာ၊ ဆီးထဲမှာ သွေးပါတာ
  •     ဝမ်းမည်းသွားတာ
  •     သွေးဆိပ်သင့်တာ
  •     ဒီထက်ပိုဆိုးရင် အသက်ဆုံးရှူံးတာတွေအထိဖြစ်တတ်ပါတယ်။

မျက်စိထဲမြင်အောင်ပြောရင် မီးလောင်ခံထားရတဲ့ လူနာနဲ့တူပါတယ်။

ကုသနည်းများ

တိကျတဲ့ ကုသနည်းတော့မရှိပါဘူး။ လူနာကို အထူးကြပ်မတ်စောင့်ကြည့်ပြီး လိုအပ်တာတွေလုပ်ပေးရပါတယ်။

  •     ရောဂါဖြစ်စေတဲ့ဆေးကို ချက်ချင်းရပ်ရပါမယ်။
  •     မီးလောင်ဒဏ်ရာလိုဖြစ်နေတဲ့အနာတွေကို ဆေးထည့်ရပါမယ်။
  •     အနာသက်သာအောင်လုပ်ပေးရပါမယ်။
  •     အာဟာရနဲ့ ရေဓာတ်ဖြည့်ပေးရပါမယ်။
  •     မျက်စိ၊ လိင်အင်္ဂါတွေထိခိုက်မှုရှိရင် ကုသပေးရပါမယ်။
  •     အခန်းအပူချိန်ကို 86’Fနဲ့ 89.6’Fကြားထားရပါမယ်။
  •     အရေပြားပိုးဝင်တာရှိမရှိစောင့်ကြည်ရပါမယ်။

ချက်ချင်းပျောက်အောင် ကုတဲ့နည်းမရှိပါဘူး။ ဖြစ်စေတဲ့အကြောင်းအရာကို ဖယ်ရှားပြီး လိုအပ်တဲ့ ကုသမှုတွေပေးပြီး စောင့်ကြည့်ရမှာပါ။

ကာကွယ်နည်းများ

  •     အကောင်းဆုံးကာကွယ်နည်းကတော့ မတည့်တဲ့ဆေးကို ရှောင်တာပါပဲ။ ဆေးရုံဆေးခန်းသွားတဲ့အခါမှာလည်းကိုယ်နဲ့မတည့်တဲ့ဆေးရှိရင်ကြိုပြောရပါမယ်။
  •     ဆေးမတည့်တာကို ရှိမရှိစစ်ဖို့ အကောင်းဆုံးနည်းလမ်း မရှိသေးပါဘူး။ ဆေးတိုင်းကို လိုက်စစ်ဖို့လည်း မလွယ်ပါဘူး။
  •     အရှေ့တောင်အာရှသားဖြစ်မယ်၊ တရုတ် ဒါမှမဟုတ် အိန္ဒိယလူမျိုးဖြစ်မယ်ဆိုရင် အတက်ကျဆေးတွေမသောက်မီ HLA-B*1502မျိုးဗီဇစစ်ဆေးသင့်တယ်လို့ ဆိုထားပါတယ်။

အချုပ်ပြောရရင်တော့ ဒီရောဂါကဖြစ်တာရှားပါတယ်။ ဘယ်သူဘယ်အချိန်မှာ ဘာ‌ကြောင့်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဖြစ်လာရင်တောင် တိကျကုသမှုမရှိတဲ့အတွက် ‌‌စောင့်ကြည့်ကုသတာပဲ လုပ်လို့ရပါမယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly