ကိုရိုနာဗိုင်းရပ်စ်တားဆီးနိုင်မယ့် အခွင့်အလမ်းကို တရုတ်တို့လုပ်နိုင်ကြောင်း WHO အကြီးအကဲပြော

ကိုရိုနာဗိုင်းရပ်စ်တားဆီးနိုင်မယ့် အခွင့်အလမ်းကို တရုတ်တို့လုပ်နိုင်ကြောင်း WHO အကြီးအကဲပြော

ဂျနီဗာ၊ ဖေဖော်ဝါရီ ၅။               ။ သေစေတတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ အံ့ဩဖွယ်လုပ်ဆောင်ချက်တွေဟာ ပြည်ပနိုင်ငံတွေကို ရောဂါကူးစက်ပျံ့နှံ့စေခြင်းကနေ တားဆီးပေးနိုင်ဖို့ အခွင့်အလမ်း တွေဖြစ်ပေါ်စေခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖေဖော်ဝါရီ ၄ ရက်မှာ  ပြောလိုက်ပါတယ်။

ဒါပေမယ့် တချို့ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေဟာ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေရာမှာ နှောင့်နှေးတယ်လို့ စွပ်စွဲပြောဆိုပြီး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ WHO အကြီးအကဲ တက်ဒရော့စ် အက်ဒ်ဟာနွမ် ဂဲဘ ရယ်ရဲဆွတ် က တိုက်တွန်းပါတယ်။

တက်ဒရော့စ် က “ဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူရဲ့ ၉၉ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကဖြစ်ပြီး ကျန်နိုင်ငံများမှာ ကူးစက်ခံရရသူ ၁၇၀ ကျော်ခန့်သာရှိပါတယ်၊ ဒါဟာ ပိုဆိုးမလာနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး၊ ပိုဆိုးမလာ အောင်လုပ်လို့ရတဲ့ အခွင့်အလမ်းတွေ သေချာပေါက် ရှိပါတယ်” လို့ ဖေဖော်ဝါရီ ၄ ရက်က ဂျနီဗာမှာ ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေး အလုပ်အမှုဆောင်ဘုတ်အဖွဲ့ရဲ့ အစည်းအဝေးမှာ ပြောခဲ့ခြင်းဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေမရပါက အဆိုပါဗိုင်းရပ်စ်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်၊ အကျိုးသက်ရောက်ပုံတွေကို အကဲဖြတ်ဖို့နှင့် အသင့်တော်ဆုံးအကြံပြုချက်တွေပေးဖို့ အလွန်ပင် ခက်ခဲတယ်လို့ တက်ဒရော့စ်က ပြော ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကြောင့် ယမန်နေ့က ၆၅ ဦးထပ်မံသေဆုံးခဲ့ကာ ဖေဖော်ဝါရီ ၅ ရက်အထိ တရုတ်ပြည်မကြီးအတွင်း သေဆုံးသူစုစုပေါင်း ၄၉၀ ရှိပြီး ကူးစက်ခံရသူ ၂၄၀၀၀ ကျော်သွားပြီဖြစ်ကာ နိုင်ငံပေါင်း ၂၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီဖြစ်ပါတယ်။

အဆိုပါဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလက ဝူဟန်မြို့ တောရိုင်းတိရစ္ဆာန်တွေရောင်းချတဲ့ ဈေးကနေ စတင်ဖြစ်ပွားခဲ့ကာ ဇန်နဝါရီလ တရုတ်နှစ်သစ်ကူးအတွင်း ခရီးသွားလာသူများပြားတဲ့အတွက် လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ ယူဆရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly