အစုရှယ်ယာများကို သုံးပတ်အတွင်းပြန်မထုတ်ပေးပါက YUPT ကို ရှယ်ယာရှင်များက တရားစွဲမည်

အစုရှယ်ယာများကို သုံးပတ်အတွင်းပြန်မထုတ်ပေးပါက YUPT ကို ရှယ်ယာရှင်များက တရားစွဲမည်

 ဖေဖော်ဝါရီ ၅ ။           ။ ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီ YUPT တွင် အစုရှယ်ယာ ထည့်ဝင်ထားသော ရှယ်ယာရှင်များက ဖေဖော်ဝါရီလ ၄ ရက်မှ စတင် ပြီး သုံးပတ်အ တွင်း အစုရှယ်ယာများကို ပြန်မထုတ်ပေးသေးပါက YUPT နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ သဘောထားကို သတင်း စာရှင်းလင်း ပွဲပြုလုပ် ကာ ပြောသည်။

YUPT တွင် အစုရှယ်ယာထည့်ဝင်ထားသူတစ်ဦးဖြစ်သော ဦးထွန်းဦးက “YUPT ကုမ္ပဏီက ဥက္ကဋ္ဌနဲ့ ဒါရိုက်တာမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှာ စီမံခန့်ခွဲရေးအမြင့်ဆုံးရာထူးရှိတဲ့အတွက်။ အဲ့ဒီပုဂ္ဂိုလ်တွေကိုပါ စွဲသင့်ရင် စွဲမှာပဲ။ အဓိက ကုမ္ပဏီကို တရားစွဲရမှာ။

ဒီနေ့ သတင်းစာရှင်းတဲ့ အဓိက ရည်ရွယ်ချက်သည် ကျွန်တော်တို့ ရှယ်ယာတွေကို ပြန်ဝယ်ဖို့။ ကျွန်တော့်ရှယ်ယာတွေ ဝယ်ပြီးရင် ဒီကုမ္ပဏီကို လှည့်မကြည့်တော့ပါဘူး။ ကျွန်တော်တို့ကို ရှယ်ယာတွေ ပြန်မထုတ်ပေးဘူး၊ မဝယ် ဘူးဆိုရင် သုံးပတ်အတွင်း တရားစွဲသွားမှာပါ” ဟုပြောသည်။

YUPT ကုမ္ပဏီစတင်သည့် သုံးနှစ်တာအတွင်း ရှယ်ယာရှင်များအနေဖြင့် အမြတ်တစ်စုံတစ်ရာမရသောကြောင့် အစုရှယ်ယာများကို ပြန်ထုတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ယခုအချိန်အထိပြန်မထုတ် ပေးသေးသော ကြောင့်ရန်ကုန်မြို့၊Myanmar Press Freedom Center တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က သတင်းစာ ရှင်းလင်းမှု တစ်ရပ်ပြုလုပ်ပြီး အစုရှယ်ယာဝင်များက ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲရန် ဘတ်စ်ကား ပိုင်ရှင်များနှင့် တွေ့ဆုံချိန် ၂ဝ၁၆ ခုနှစ်တုန်းက လစဉ်ရှယ်ယာများကို အမြတ်ခွဲပေးမည်ဟု ပြောဆိုခဲ့သော်လည်း YBS သုံးနှစ်ပြည့် အခမ်းအနားတွင်မူ ငါးနှစ်နေမှ အမြတ်ရမည်ဖြစ်ကြောင်း ပြောခဲ့သောကြောင့် ကတိပေးထားသည့်အတိုင်း ဆောင်ရွက်ပေးမှုမရှိကြောင်း ရှယ်ယာရှင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အစုရှယ်ယာရှင်တစ်ဦးဖြစ်သော ဦးထိန်ဝင်းက “အရင်တုန်းကတော့ တစ်လတစ်ခါပေးမယ်။ အခုကျတော့ ငါးနှစ်နေမှ အရင်းကျေမှ ပေးမယ်လို့ ပြောလာတော့ ဒါပွင့်လင်းမြင်သာမှုမရှိတဲ့ စကားပဲ။ ရှင်းရှင်းပြောရရင်တော့ အနိုင့်အထက်စကားပဲ။ ကျွန်တော်တို့ ဘာမှမှ ပြန်ပြောလို့ မရတာ။ ဘယ်သူက ကျူးလွန်သလဲကတော့ စစ်ဆေးမှ ပေါ်ပေါက်မယ်။

၂ဝ၁၆ ခုနှစ်က ကျွန်တော်တို့ကို ကတိပေးထားတဲ့ အထောက်အထား ကျွန်တော်တို့မှာ ရှိတယ်။ လစဉ်ခွဲဝေပေးမယ်ဆိုပြီးတော့။ နောက် ငါးနှစ်နေမှ အရင်းကျေမယ်ဆိုတဲ့ စကားလည်း အထောက် အထား ရှိပြီးပြီ။ ဒါက ပုဂ္ဂိုလ် တစ်ယောက်တည်းက ပြောတာ။ လိုအပ်လာလို့ရှိရင် ကျွန်တော်တို့ တရားစွဲရာမှာ ဌာနဆိုင်ရာ အကြီးအကဲတွေကို စွဲရင် ခွင့်ပြုချက်ယူရပါတယ်။ ကျွန်တော်တို့ကို ပြောထားသလို မ ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်၊ တာဝန်ရှိတဲ့သူကို တရားစွဲသွားမှာပါ” ဟု ပြောသည်။

YUPT ကုမ္ပဏီသက်တမ်းသုံးနှစ်တာအတွင်း ရှယ်ယာငွေထည့်ဝင်ထားသူများအနေဖြင့် အမြတ်တစ်စုံတစ်ရာမရရှိခြင်း၊ YUPTကုမ္ပဏီ၏ ဥက္ကဋ္ဌအပါအဝင် ဒါရိုက်တာအဖွဲ့ဝင်များသည် အစိုးရက တိုက် ရိုက်ခန့်ထားသူများ  ဖြစ်ပြီး လုပ်ငန်းခွင့်နှင့် ကိုက်ညီသော အရည်အချင်းများနှင့် လုပ်ငန်းအောင်မြင်အောင် စွမ်းဆောင်နိုင်မှုမရှိခြင်း၊ ကုမ္ပဏီတွင် ကားအစီးရေ ငါးရာရှိသည့်အနက် အစီး ၁၈ဝ ခန့်သည် နေ့စဉ်ပျက်နေသောကြောင့် ရပ်ထားရခြင်း စသည့်အချက်များကြောင့် YUPT တွင် ဆက်လက်ရှယ်ယာထည့်ဝင်ခြင်းမပြုရခြင်း ဖြစ်ကြောင်းလည်း ရှယ်ယာရှင်များက ပြောသည်။

YUPT တွင် ရှယ်ယာထည့်ဝင်ထားသော ရှယ်ယာရှင် စုစုပေါင်း ၂၈၉ ဦးနှင့် ရှယ်ယာတန်ဖိုး စုစုပေါင်း ၅.၆၃၄၄ ဘီလျံရှိသည့်အနက် ရှယ်ယာရှင်၂၂၉ ဦးတို့က ၎င်းတို့၏ ရှယ်ယာတန်ဖိုး ၄.၇ဝ ဘီလျံကို ပြန်ထုတ်ပေးရန်  လက်မှတ်ထိုး တောင်းဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags