ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့် မဆုံးရှုံးရအောင် ဆောင်ရွက်ထားကြောင်း ရွေးကောက်ပွဲကော်မရှင် ပြော

ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့် မဆုံးရှုံးရအောင် ဆောင်ရွက်ထားကြောင်း ရွေးကောက်ပွဲကော်မရှင် ပြော

ဖေဖော်ဝါရီ  ၄  ရက်။             ။ လာမည့်  ၂၀၂၀အထွေထွေ  ရွေးကောက်ပွဲတွင်    မဲဆန္ဒပြင်ပ ရောက် ရွေ့ပြောင်းလုပ်သားများအတွက် မဲပေးနိုင်မည့်  အခွင့်အရေး မဆုံးရှုံးစေရန်အတွက် မိမိရောက်ရှိသည့် နေရာ နှင့်  အိမ် ထောင်စုစာရင်းရှိရာ မြို့နယ် မဲဆန္ဒနယ်တွင်  ဆန္ဒမဲပေးနိုင်ဖို့  စီစဉ်ထားကြောင်း   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၊ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပထအကြိမ် မဲပေးမည့် လူငယ်များ တွေ့ဆုံပွဲ - ၂၀၂၀ အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ က ရန်ကုန်မြို့ ၊ အင်းလျားလိတ်ဟိုတယ်တွင်  ပြုလုပ်သည့်  ၁၈ နှစ်ပြည့်ပြီး  ပထမအကြိမ် လူငယ်များ နှင့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံပွဲအခမ်းအနားအပြီးတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။                                   

  “  အခုက ရွေ့ပြောင်းလုပ်သားစာရင်းတော့ သက်သက်စာရင်း ကောက် ပြုစု ထားတယ်။ အဲ့အချိန်ကျမှ သူတို့အတွက် ဘယ်လို့မဲပေးရမလဲဆိုတာ  အဆင်ပြေအောင်  စီစဉ်သွားရမှာပေါ့ ။ ဥပဒေကြောင်းအရ   အရင်တုန်းက ရက်ပေါင်း ၁၈၀ ၊ အခုတော့  ရက်ပေါင်း ၉၀  မဲဆန္ဒနယ် ပြင်ပရောက်ရှိနေရင် ရောက်တဲ့နေရာ  မှာ သူက ဆန္ဒမဲပေးပိုင်ခွင့် ရှိတယ်။ သူရဲ့ မူရင်းနေရာမှာပဲ ပြန်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိတယ်။ ကြိုက်တာ ရွေးရမယ်။ အဲ့နည်းလမ်းနဲ့ ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးအောင် ဆောင်ရွက်သွားမယ် “  ဟု  ၎င်းက ပြောသည်။

လွှတ်တော်သုံးရပ်၏   ရွေးကောက်ပွဲနည်းဥပဒေများကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ရန်လုပ်ဆောင်နေပြီး ပြင်ဆင်ထားသည့်  ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်များ လေ့လာနိုင်ရန် အောက် တိုဘာ ၃ ရက်နေ့စွဲဖြင့်  ကော်မရှင်က ဖြန့်ဝေခဲ့သည်။

ကော်မရှင်၏ ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ချက်များအနက်  ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၁၀ သည်  မြန်မာပြည်တွင်းရွေ့ပြောင်း နေထိုင်သူ ၊ ရွေ့ပြောင်းလုပ်သမားများ ဆန္ဒမဲပေးနိုင်ရေးကို ရည်ရွယ်သည့်  ပုဒ်မ ဖြစ်သည်။

ယခုပြင်ဆင်လိုက်သော ရွေးကောက်ပွဲနည်းဥပဒေအရ  ဒေသတစ်ခုတွင် ရက်ပေါင်း ၉၀ ပြည့်လျှင်  ယာယီ ရွေ့ပြောင်းလုပ်သားတစ်ယောက်သည်  ၎င်းနေထိုင်ရာ ဒေသရှိ ကိုယ်စားလှယ်လောင်းကို မဲပေးခွင့် ရမည်ဖြစ် ကြောင်းသိရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ပဉ္ဓမ အကြိမ် ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲနည်းဥပဒေများသည့် ရွှေ့ပြောင်းနေထိုင်သူများ၏ မဲပေးခွင့်ကို အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းဆိုသည့် သတ်မှတ်ချက် အစား အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း ဟု အစားထိုးပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှောက်ထားသည့် ရက် ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင် တစ်သန်းကျော်  ရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်လိုက်သည့် ် မဲဆန္ဒနယ်ပြင်ပရောက်နေသူ ရောက်ရှိနေရာကနေ မဲပေးနိုင်ရန် ပြင်ဆင်ပေးလိုက်တဲ့အပေါ် တိုင်းရင်းသားပါတီအချို့က ကန့်ကွက်အငြင်းပွားမှု ရှိနေသည်။

လာမည့် ဖေဖော်လဝါရီ  ဒုတိယလပတ်အတွင်းကျင်းပမည့်  ပြည်သူ့လွှတ်တော်တွင်    ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္ဓမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအပေါ် ပြင်ဆင်ချက်တင်သွင်းခြင်း နှင့် ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ်  ၃ ဦး ၊ တပ်မတော်ကိုယ်စားလှယ် တစ်ဦးတို့က မေးခွန်းများ  မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ကွက်ဆွေးနွေးမည့်သူများတွင်  အင်ဂျန်းယန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလမာနော်အောင်လည်းပါဝင်သည်။

လက်ရှိတွင်    ၂၀၂၀ အထွေထွေ  ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အခြေခံမဲစာရင်း ပြုစုခြင်း ပထမအဆင့် ပြီးစီးနေပြီး ဖြစ်ကြောင်း ၊ မဲစာရင်း ပြုစုချက် စာရင်းအရ  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ  ခန့်မှန်း ခြေ  ၃၉ သန်းခန့် ရှိနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly