အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ခြေချုပ်အဖြစ် ကျွန်းကို အသုံးပြုမှာကြောင့် ကျွန်းနေဒေသခံတွေ ဆန္ဒပြ

အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်ခြေချုပ်အဖြစ် ကျွန်းကို အသုံးပြုမှာကြောင့် ကျွန်းနေဒေသခံတွေ ဆန္ဒပြ

ဖေဖော်ဝါရီ ၃။            ။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပေါ်ပေါက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ရောက်လာသူတွေကို ရောဂါခြေချုပ်အဖြစ် အစွန်အဖျား ကျွန်းတစ်ကျွန်းမှာ ထားရှိမယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး အဲဒီ ကျွန်းက ဒေသခံတွေဟာ ဖေဖော်ဝါရီ ၃ ရက်မှာ ဆန္ဒပြကြပါတယ်။

အင်ဒိုနီးရှားဟာ ဝူဟန်မြို့ကနေ ၎င်းနိုင်ငံသား ၂၃၇ ဦးနဲ့ နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ထားသူ နိုင်ငံခြားတစ်ဦးတို့ကို ပြန်လည်ခေါ်ယူထားတာ ဖြစ်ပါတယ်။

ခုလို ပြန်လည်ခေါ်ယူလို့ ဖေဖော်ဝါရီ ၂ ရက်က နိုင်ငံကို ပြန်ရောက်ကြသူတွေဟာ ကျောင်းသားကျောင်းသူတွေ အများစုဖြစ်ပြီး ၎င်းတို့ကို ဘော်နီယိုကျွန်းနဲ့ မလေးရှားကျွန်းဆွယ်ကြားက နာတူနာကျွန်းမှာ ၁၄ ရက်ကြာ ထားရှိဖို့ အစိုးရက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“တရုတ်က ပြန်လာသူတွေကို ရောဂါခြေချုပ်အဖြစ် ဒီကျွန်းမှာ လာထားမယ့် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လူတွေကိုတော်တော်လေး မသက်မသာ ဖြစ်စေတယ်။ ကျွန်တော်တို့တွေ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါ တယ်။”လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဖာဒီလာ့ရှ်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်ဟာ တရုတ်တစ်နိုင်ငံလုံးမှာ ကူးစက်သူပေါင်း ၁၇၀၀၀ ကျော် ရှိနေပြီး သေဆုံးသူပေါင်း ၃၆၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ကူးစက်ဖြစ်ပွားပေမယ့် ခုချိန်ထိတော့ အင်ဒိုနီးရှားနိုင်ငံမှာ ကူးစက်သူ မတွေ့ရသေးပါ။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly