ဝူဟန်ပြန်ကျောင်းသားငါးဦး ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်သည့် သတင်းနှင့် ပတ်သက်ပြီး ကာယကံရှင်များ၏ ဖြေရှင်းချက်

ဝူဟန်ပြန်ကျောင်းသားငါးဦး ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်သည့် သတင်းနှင့် ပတ်သက်ပြီး ကာယကံရှင်များ၏ ဖြေရှင်းချက်
Photo - AFP

ဖေဖော်ဝါရီ ၃။                ။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူ ၅၉ဦးအနက် ငါးဦးကို သံသယလက္ခဏာတွေ့ရှိသဖြင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့သည် ဆိုသော သတင်းကို မဇ္ဈိမက ယမန်နေ့က ဖော်ပြခဲ့ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့ရာ ပရိတ်သတ်အကြား ဝေဖန်သံများ၊ ကဲ့ရဲ့သံများ ဆူညံသွားခဲ့သည်။

အမှန်တကယ်မှာ မဇ္ဈိမက သတင်းမှားထုတ်ခြင်းမဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီး၏ ပြောကြားချက်ကို သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဒေါက်တာ ဒေါ်ခင်ခင်ကြီးက မှားယွင်းပြောမိကြောင်း ပြန်လည်ဆက်သွယ်လာသဖြင့် သတင်းကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သတ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက ယမန်နေ့က ပြန်လည် ဖြေရှင်းချက်ကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာခင်ခင်ကြီးက “ ဆူဆူညံညံတွေကြားထဲမှာ ဖြေလိုက်ရတဲ့ဖြစ်တဲ့အတွက် အစ်မစိတ်ထဲမှာ ရောသွားလို့။ တကယ့်တကယ်ကျတော့ ငါးယောက်ဆိုတာက ကျောင်းသားတွေရော၊ သံရုံးဝန်ထမ်းတွေရော၊ ပတ်စ်ပို့မရှိတာ တွေရော ကျန်ခဲ့တဲ့ဟာ။ အဲဒါနဲ့ ရောသွားတာ။ ကျောင်းသားငါးယောက်ကမဟုတ်ဘူး။ မှားလို့လေ။အဲဒါလေးကို မောင်လေးတို့ဆီက ဖြုတ်လိုက်လေ။ အသံတွေက ဝရုန်းသုန်းကားဖြစ်တဲ့အခါကျတော့ သေချာမ ကြားရတော့ ဖြေရတဲ့အခါ ကိုယ်မှားလို့ကိုဖြစ် သွားတယ်။ နောက်ဆုံးအခြေအနေက ဇန်နဝါရီလ ၃၁ရက်ကရောက်လာတဲ့တရုတ်လူမျိုးရယ်၊ ဖေဖေါ်ဝါရီလ ၂ရက်က ၁၅နှစ်အရွယ်ကလေးတစ်ဦးကချောင်းဆိုးတယ်။ သွေးပါတယ်။ ဖျားတယ်။ တရုတ်ပြည်ကပြန် လာတယ်။ ရောဂါလက္ခဏာနဲ့ ကိုက်ညီတဲ့အတွက် ဝေဘာဂီဆေးရုံမှာ ကုသပေးတယ်။ ဒါဆိုရင် ဝေဘာဂီဆေးရုံမှာ သံသယလူနာအဖြစ်နဲ့ ကုသပေးနေတာ နှစ်ယောက်ရှိတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

အဆိုပါဖြေဆိုမှုတွင်ပါဝင်သော အသက် ၅၆နှစ်အရွယ် တရုတ်အမျိုးသားမှာ ကွမ်းကျိုးမှ ရန်ကုန်သို့ ရောက်ရှိလာပြီး အပူချိန်မြင့် မားသည့်အတွက် ကုသစောင့်ကြည့်နေရာမှ ဖေဖေါ်ဝါရီလ ၃ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိသဖြင့် ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။

၎င်းနှင့်အတူ လေယာဉ်တစ်စင်းတည်းလိုက်ပါလာသည့် မြန်မာနိုင်ငံသားနှစ်ဦးမှာလည်း ရောဂါလက္ခဏများ မတွေ့ရှိရသော်လည်း စောင့်ကြည့်နေရာမှ ဖေဖေါ်ဝါရီလ ၃ရက်တွင်ပင် ဝေဘာဂီဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီလည်း ဖြစ်သည်။

ယခုဖြစ်ရပ်နှင့်ပ တ်သက်၍  လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ပြောကြားသည့် ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိသည့် ကျောင်းသူ မခင်သီရီသန့်ဇင်က “ ညီမတို့အနေနဲ့က ဒါကဒုတိယဖြစ် တာပေါ့။ညီမတို့ကတော့ ဘယ်အခေါက် မှမဖြစ်စေချင်ဘူး။ ညီမတို့ဖြစ်စေချင်တာက ညီမတို့ဘက်ကလည်း မီဒီယာတွေကို အများကြီးကူညီပေးတာရှိတယ်။ သတင်းအမှားတွေကတော့ တစ်ခေါက်နှစ်ခေါက်ကျတော့ ညီမတို့ဘက်လည်း ထိခိုက်တယ်ပေါ့။

အဲဒါကြောင့်မို့လို့ နည်းနည်းလေး သတိထားပေးပါ။ တစ်ခုခုဆိုရင်ညီမ တို့ကို ချက်ချင်းဖုန်းဆက်မေးပါ။ သက်ဆိုင်ရာ ဂရုတွေရှိတယ်။ ချက်ချင်းလိုက်မေးပေးပြီး သတင်းကမှန်တယ် ဆိုရင် ရေးလို့ရတယ်ပေါ့။ ညီမတို့လည်း အစ်ကိုတို့အတွက် up to date ကူညီပေးမှာပါ။ ပြည်သူတွေလည်း သိအောင်လို့ အစ်ကိုတို့ကို up to date ဖော်ပြပေးနေတဲ့ သတင်းဌာနတွေကို ကူညီပေးမှာပါ။ အမှန်အတိုင်းပဲ ဖြေမှာပါ။

ပြောရေးဆိုခွင့်ရှိသူဖြေလိုက်တဲ့ဟာကတော့ မသိဘူး။ သူဘက်က ဘာလို့အဲဒီလိုဖြေလိုက်တာလဲ အစ်ကိုတို့ဘက်ကပဲ နားလည်မှုလွှဲသွားတာလား။ တစ်ခုခုပေါ့ ဒီကိစ္စကိုတော့ညီမလည်းမသိဘူး။ ညီမတို့ ၅၉ယောက်ထဲက ပါသွားတာတော့မဟုတ်ဘူး။ ၅၉ယောက်လုံးရှိတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ဝူဟန်မှ ပြန်လာသည့် ကျောင်းသားကျောင်းသူ ၅၉ဦးစလုံးမှာ မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးသန့်စောင့်ကြည့်မှုများပြုလုပ်နေပြီး ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း ကျောင်းသားကျောင်း သူများထံမှ သိရ သည်။ ကျောင်းသားကျောင်းသူများကို ကန်တော်နဒီဆေးရုံတွင် ၁၄ရက်စောင့်ကြည်မှုများပြုလုပ်ကာ သီးသန့်ခန်းများနှင့် ထားရှိကြောင်း သိရသည်။

လက်ရှိတွင် သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံတွင် အသက်၁၅နှစ်အရွယ် ကလေးတစ်ဦး၊ ကျိုင်းတုံ၊မင်းပြားနှင့် လွိုင်ကော်တွင် တစ်ဦးစီ သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှုများ ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly