လန်ဒန်မှာ လူ ၂ ယောက်ကို ဓားထိုးတိုက်ခိုက်ခဲ့တဲ့ အစ္စလမ္မစ်အစွန်းရောက်သမား ရဲ ပစ်သတ်လို့ သေဆုံး

လန်ဒန်မှာ လူ ၂ ယောက်ကို ဓားထိုးတိုက်ခိုက်ခဲ့တဲ့ အစ္စလမ္မစ်အစွန်းရောက်သမား ရဲ ပစ်သတ်လို့ သေဆုံး

ဖေဖော်ဝါရီ ၃ ။                 ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တောင်ပိုင်းက လူစည်ကားရာ လမ်းတစ်လမ်းမှာ ဖေဖော်ဝါရီ ၂ ရက်က လူနှစ်ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အစ္စလမ္မစ် အစွန်းရောက်ဝါဒီ အမျိုးသားတစ်ဦးကို ရဲ တွေက ပစ်သတ်လိုက်ရတယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် ဆူဒက်ရှ် အမ်မန် အမည်ရ အဆိုပါ အကြမ်းဖက်ဝါဒီ အမျိုးသားကို ယင်းနေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ လောက်က စျေးဝယ်သူတွေနဲ့ စည်ကားနေတဲ့ Streatham High Road လမ်းပေါ်မှာ ရဲတွေက ပစ်သတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဓားထိုးတိုက်ခိုက်ခံရသူ နှစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်ခဲ့ခြင်း မရှိဘူးလို့ သိရ ပါ တယ်။

ယခုဖြစ်စဉ်မှာ ဓားကိုင်တိုက်ခိုက်သူ အမ်မန်ဟာ ယခင်ကလည်း အကြမ်းဖက်ပြစ်မှုတွေနဲ့ ထောင်ကျခဲ့သူဖြစ်ပြီး ၎င်းဟာ သိပ်မကြာသေးခင်ကမှ ထောင်ကနေ ပြန်လွတ်ထားခဲ့သူ ဖြစ်တယ်လို့ သိ ရပါ တယ်။

ဒီ ဖြစ်စဉ် ဖြစ်ပြီးနောက်မှာတော့ နိုင်ငံမှာ အကျဉ်းထောင်တွေကနေ ပြန်လွတ်လာတဲ့ အကြမ်းဖက်ဝါဒီ တွေအပေါ် ကိုင်တွယ်ပုံ ကိုင်တွယ်နည်း စနစ်တွေနဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲတော့မယ်ဆိုပြီး ဗြိတိန်အစိုးရက ကတိပြုသွားခဲ့ပါတယ်။

နိုင်ငံမှာ အကြမ်းဖက်မှုအပေါ် တုန့်ပြန်မှုတွေမှာ ပိုမိုအားကောင်းစေမယ့် လုပ်ဆောင်ချက်တွေကိုလည်း မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly