အင်တာနက်လွတ်လပ်ခွင့် ငါးနှစ်ဆက်တိုက်ကျဆင်း

အင်တာနက်လွတ်လပ်ခွင့် ငါးနှစ်ဆက်တိုက်ကျဆင်း

ဘန်ကောက်၊ အောက်တိုဘာ ၂၈ ။             ။ အီလက်ထရောနစ် စောင့်ကြည့်မှုများ တိုးမြင့်ကာ ဘလော့ဂ်များ၊ လူမှုမီဒီယာများကိုအသုံးပြုသော သဘောကွဲလွဲသူများအပေါ် နှိပ်ကွပ်သည့် အစိုးရများ ပိုမိုများပြားလာသည့်အတွက် ကမ္ဘာလုံးဆိုင်ရာအွန်လိုင်းလွတ်လပ်ခွင့်မှာ ငါးနှစ်ဆက်တိုက်ကျဆင်းခဲ့ကြောင်း အောက်တိုဘာ ၂၈က စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

ယင်းသို့ကျဆင်းမှုများကို အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် ထင်ရှားကာ အာရပ်နွေဦးတွင် မြင်ရသည့် တိုးတက်မှုများနှင့် ဆန့်ကျင်လျက်ရှိသည်ဟု အစိုးရမဟုတ်သော စောင့်ကြည့်လေ့လာသည့် Freedom House ၏ နှစ်ပတ်လည်အစီရင်ခံစာက ဖော်ပြခဲ့သည်။

၂၀၁၄ခုနှစ် ဇွန်လကတည်းက အကဲဖြတ်လေ့လာခဲ့သည့် နိုင်ငံပေါင်း ၆၅နိုင်ငံအနက် ၃၂ နိုင်ငံတွင် အွန်လိုင်းလွတ်လပ်ခွင့်များ ကျဆင်းခဲ့သည်ကို Freedom House တွေ့ရှိခဲ့ပြီး လစ်ဗျား၊ ပြင်သစ်နှင့် ယူကရိန်းတို့တွင် သိသာစွာကျဆင်းခဲ့သည်ဆိုသည်။

အစိုးရ၊ စစ်တပ် သို့မဟုတ် အုပ်ချုပ်သည့်မိသားစုတို့အပေါ် ဝေဖန်သူများ ဆင်ဆာဖြတ်ခံရသော နိုင်ငံများတွင် ကမ္ဘာ့လူဦးရေ၏ ၆၁ရာခိုင်နှုန်းနေထိုင်ကြောင်း သုတေသီတို့က တွေ့ရှိခဲ့သည်။

ထို့အပြင် နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေးတို့နှင့် ပတ်သက်၍ အွန်လိုင်းမှ မျှဝေမှုအတွက် ထောင်ချခံရသူများရှိသော နိုင်ငံများတွင် လူဦးရေ ၅၈ရာခိုင်နှုန်းရှိသည်ဟု Freedom on the Net 2015 အစီရင်ခံစာက ဖော်ပြသည်။

ယခုအခါ အတိုက်အခံများ၏ ဖော်ပြချက်များကို ဆင်ဆာဖြတ်ရန် ကြိုးပမ်းနေသော အစိုးရအများအပြားမှာ အွန်လိုင်းသို့ ပစ်မှတ်ထားလာပြီး ဂူးဂဲ၊ ဖေ့စ်ဘွတ်နှင့် တွစ်တာကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများကို ဖိအားပေးလာသည်ဟု အစီရင်ခံစာကဆိုသည်။

ပိတ်ဆို့ခြင်း၊ စစ်ထုတ်ခြင်းတို့နှင့် ဆန့်ကျင်စွာ ဖြုတ်ချခြင်းတို့ ပြုလုပ်ရန်အထိပင် အစိုးရများက တစ်ဦးချင်းစီနှင့် ပုဂ္ဂလိကကဏ္ဍများကို တိုးမြင့်ဖိအားပေးလာသည်ဟု Freedom House ၏ စီမံကိန်းဒါရိုက်တာ ဆန်ဂျာကယ်လီက ပြောသည်။

"ပျမ်းမျှသုံးစွဲသူတွေဟာ နည်းပညာပိုင်းပိုမိုကျွမ်းကျင်လာပြီး အစိုးရကပိတ်ထားတာတွေကိုမကြာခဏရှောင်တိမ်းတတ်တယ်ဆိုတာ သူတို့(အစိုးရ)တွေက သိတယ်"ဟု ၎င်းကပြောသည်။ လေ့လာခဲ့သည့် ၆၅ နိုင်ငံအနက် ၁၄နိုင်ငံရှိ အစိုးရများသည် လွန်ခဲ့သည့်နှစ်အတွင်းက အီလက်ထရောနစ်စောင့်ကြည့်မှုကို တိုးမြင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly