ရဲမေကို ပြည့်တန်ဆာလို့ ထင်မှတ်ပြီး ဟမ်ဘာဂါနဲ့ စျေးညှိခဲ့တဲ့ အမျိုးသား အဖမ်းခံရ

By News Week
02 February 2020
ရဲမေကို ပြည့်တန်ဆာလို့ ထင်မှတ်ပြီး ဟမ်ဘာဂါနဲ့ စျေးညှိခဲ့တဲ့ အမျိုးသား အဖမ်းခံရ

ဖေဖော်ဝါရီ ၂။               ။ ရဲမေကိုမှ ပြည့်တန်ဆာလို့ ထင်မှတ်ပြီး စျေးသွားညှိမိတဲ့ အမျိုးသားတစ်ဦး အဖမ်းခံလိုက်ရတဲ့ ဖြစ်စဉ်တစ်ခု အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ယင်းဖြစ်စဉ်မှာ ဒိုမစ်နစ် ကယ်လ်ဒါရွန် ဆိုသူ အမျိုးသားကို ပြည့်တန်ဆာ မြှူဆွယ်မှုနဲ့ ရဲတွေက ဇန်နဝါရီ ၂၈ ရက်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ ကယ်လ်ဒါရွန်ဟာ ယင်းနေ့ ညနေ ပိုင်းက Albuquerque မြို့ ရှိ Central Avenue လမ်းမှာ စက်ဘီးတစ်စီးကို စီးလာခဲ့စဉ် လမ်းမှာ အမျိုးသမီးရဲမေတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် ကယ်လ်ဒါရွန်ဟာ အဆိုပါ ရဲမေ အနား ချဉ်းကပ်သွားပြီး ပြည့်တန်ဆာအမှတ်နဲ့ စျေးဘယ်လောက်ပေးရမလဲ ဆိုပြီး မေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအခါမှာ ရဲမေကလည်း သူမကိုယ်သူမ ပြည့်တန်ဆာ တစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အမူအရာ မပျက် ကယ်လ်ဒါရွန်နဲ့ ဆက်ပြီး စျေးညှိရာမှာ နှုန်းထားတစ်ခုအတွက် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကယ်လ်ဒါရွန်က ၎င်းမှာ လောလောဆယ် ပေးစရာ ပိုက်ဆံပါမလာကြောင်း၊ သူ့အလုပ်ကနေ လစာ မရသေးကြောင်း ပြောတယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူမရဲ့ ဖုန်းနံပါတ်ကိုသာ တောင်းခဲ့ပြီး နောက်ကျမှ ဆက်သွယ်မယ်ဆိုပြီး ကယ်လ်ဒရွန်က ပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်မှာ ကယ်လ်ဒါရွန်ဟာ အိတ်တလုံး လွယ်ထားတာကို ရဲမေက သတိပြုမိခဲ့ပြီး အိတ်ထဲမှာ ဘာပါလဲလို့ မေးခဲ့တယ်လို့ ဆိုပါတယ်။ ကယ်လ်ဒါရွန်ကလည်း အိတ်ထဲမှာ ဟမ်ဘာဂါတစ်လုံးပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီတော့ ရဲမေက ငွေအစား ဟမ်ဘာဂါ ပေးရင် ဖြစ်နိုင်တယ်လို့ ကယ်လ်ဒါရွန်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီတော့ ကယ်လ်ဒါရွန်ကလည်း မဆိုင်းမတွ ဝမ်းပန်းတသာ လက်ခံလိုက်ပါတယ်။ အဲဒီလို လက်ခံသဘောတူလိုက်ချင်းမှာပဲ ကယ်လ်ဒါရွန်ဟာ ပြည့်တန်ဆာ မြှူဆွယ်မှုနဲ့ ချက်ချင်း အဖမ်းခံလိုက်ရပါတော့တယ်။ ယင်းပြစ်ဒဏ်ကတော့ အများဆုံး ထောင်ခြောက်လနဲ့ ဒဏ်ငွေ ၅၀၀ ကျခံရနိုင်တယ်လို့ သိရပါတယ်။ရဲက ကယ်လ်ဒါရွန်ဆီက ဘာဂါကိုလည်း သက်သေခံပစ္စည်းအဖြစ်  သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ ရဲကိုမှ ပြည့်တန်ဆာ မှတ်ပြီး သွားစျေးညှိမိခဲ့တဲ့ ကယ်လ်ဒါရွန်တစ်ယောက် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်မှာ တရားရုံးမှာ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒါပေမယ့် ကယ်လ်ဒါရွန်ကတော့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတစ်ဦးအဖြစ် စာရင်းသွင်းခံထားရသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

၎င်းဟာ ၂၀၀၆ ခုနှစ်တုန်းက လိင်စော်ကားမှုတစ်ခုအတွက်တရားစွဲခံခဲ့ရပြီး ယင်းစာရင်းသွင်းခံထားရတာ ဖြစ်ပြီး ၎င်းဟာ ခံဝန်ချုပ်နဲ့ လွတ်နေခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ ၎င်းဟာ နောက်ထပ်အမှုသစ်တစ်ခုကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly