ဆေးဘက်ဆိုင်ရာပစ္စည်းတွေ အရေးပေါ်ဝယ်ယူမှု အဆင်ပြေစေရေး ဆောင်ရွက်ပေးဖို့ တရုတ်ဝန်ကြီးချုပ်က အီးယူကို တောင်းဆို

ဆေးဘက်ဆိုင်ရာပစ္စည်းတွေ အရေးပေါ်ဝယ်ယူမှု အဆင်ပြေစေရေး ဆောင်ရွက်ပေးဖို့ တရုတ်ဝန်ကြီးချုပ်က အီးယူကို တောင်းဆို
Photo: EPA

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်နေချိန်မှာ အီးယူအဖွဲ့ဝင်နိုင်ငံတွေဆီကနေ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ တရုတ်ဘက်က အရေးတကြီး ဝယ်ယူရမှုတွေကို လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးဖို့ တရုတ်ဝန်ကြီးချုပ် လီခချန်က ဥရောပသမဂ္ဂ (အီးယူ) ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

တရုတ်မှာ ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ ယခုနောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ ၃၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသူ အရေအတွက်ဟာလည်း ၁၄,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ်နေတဲ့ တရုတ်နိုင်ငံကို ခရီးသွားရောက်ထားတဲ့ နိုင်ငံခြားသားတွေအပေါ်  ခရီးသွားလာမှုဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ လုပ်မယ်ဆိုပြီး အမေရိကန်ကလည်း ကြေညာထားပါတယ်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုဖြစ်နေတဲ့ တရုတ်အလယ်ပိုင်း ဟူပေပြည်နယ်မှာဆိုရင်လည်း ကူးစက်ခံထားရသူတွေကို သီးခြားထားရှိမှုတွေ လုပ်ဆောင်နေပြီး လမ်းတွေကိုလည်း ပိတ်ထားကာ အများပြည်သူ သယ်ယူပို့ဆောင်မှုတွေလည်း ရပ်ဆိုင်းထားပါတယ်။

တရုတ်အစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ထိန်းချုပ်ခြင်းနဲ့ ဆက်နွယ်ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ ဝယ်ယူတင်သွင်းမှုအတွက် အခွန်အခ ကင်းလွတ်ခွင့်တွေ ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဗိုင်းရပ်စ် ထိန်းချုပ်မှုအတွက် တိုက်ရိုက် အသုံးပြုတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေအတွက် ဇန်နဝါရီ ၁ ကနေ မတ်လ ၃၁ ရက်အကြား သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးမှာဖြစ်တယ်လို့ ယင်းဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဒါ့အပြင် လူနာတင်ယာဉ်တွေ၊ ပိုးသတ်ဆေး  ထုတ်ကုန်တွေ အပါအဝင် လှူဒါန်းတဲ့ သွင်းကုန်တွေအပေါ်မှာလည်း အခွန်တွေ ကင်းလွတ်ခွင့်ပေးမယ်လို့ ယင်းဝန်ကြီးဌာနက ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly