တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀ ကျော်လာ

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၃၀၀ ကျော်လာ
Photo: EPA

တရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ယခုအခါ ၃၀၄ ဦးအထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံတစ်ဝန်း ယင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ စုစုပေါင်းအားဖြင့် ၁၄,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု၊ ကူးစက်မှု အများစုကတော့ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ယင်းဗိုင်းရပ်စ်ဟာ ဟူပေပြည်နယ်အပြင် ကျီကျန်း၊ ကွမ်တုံ ပြည်နယ်တွေမှာလည်း  ကူးစက်ပျံ့နှ့ံမှု များပြားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ယင်းဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်အာဏာပိုင်တွေ အပြင်းအထန် ကြိုးပမ်းလျက် ရှိသလို အဆိုပါ ဗိုင်းရပ်စ်ကလည်း တရုတ်ပြင်ပ နိုင်ငံအများအပြားကိုလည်း ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

ဗြိတိန်၊ ရုရှားနဲ့ ဆွီဒင်တို့မှာလည်း ယင်းဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိပြီဖြစ်ကြောင်း အသီးသီး ထုတ်ဖော်ခဲ့ကြပြီး ဖြစ်ပါတယ်။

အမေရိကန်နဲ့ သြစတြေးလျတို့ကတော့ ယင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်တားဆီးဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တရုတ်ကို ခရီးသွားထားသူတွေအပေါ် ခရီးသွားကန့်သတ်ပိတ်ပင်ချက်တွေ လုပ်ဆောင်မယ်ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုတော့ နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly