၂၀၁၅ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲ ပွဲစဉ်အချို့ ကွင်းနှင့် ရက်ပြောင်းလဲ ကျင်းပမည်

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲ ပွဲစဉ်အချို့ ကွင်းနှင့် ရက်ပြောင်းလဲ ကျင်းပမည်
နောက်ဆုံးပွဲစဉ်တွင် ရုန်းကန်ရမည့် မနောမြေ၊ ရခိုင်နှင့် နေပြည်တော်အသင်း။ (ဓာတ်ပုံ - MFF)

အောက်တိုဘာ ၂၈၊ ရန်ကုန်။       ။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲ ပွဲစဉ် ၂၂ ပွဲစဉ်များကို အောက်တိုဘာ ၃၀၊ ၃၁ ရက်များတွင် ဆက်လက်ကစားရန် စီစဉ်ထားသော်လည်း တန်းဆင်းဇုန်အသင်းများ ကစားရမည့် ပွဲစဉ်အချို့ကို အနည်းငယ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ပွဲစဉ် ၂၂ နောက်ဆုံးပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်း၊ မနောမြေအသင်း၊ နေပြည်တော်အသင်းတို့၏ တန်းဆင်းဇုန်အတွက် အရေးပါသော ပွဲစဉ်များဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်းမှ   နောက်ဆုံးပွဲစဉ်အချို့ကို တစ်ပြိုင်တည်းကစားရန် တောင်းဆိုလာ ခဲ့သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက အောက်တိုဘာ ၃၀ ရက်တွင် ကစားမည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ကမ္ဘောဇအသင်းတို့၏ ပွဲစဉ်ကို အောက်တိုဘာ ၃၁ ရက်၊ အောင်ဆန်းကွင်းသို့ ရွှေ့ ဆိုင်းခဲ့သည်။

အလားတူ အောက်တိုဘာ ၃၁ ရက်တွင် နေပြည်တော်၊ ပေါင်းလောင်းကွင်း၌ ကစားမည့် နေပြည်တော်အသင်း နှင့် ဟံသာဝတီအသင်းတို့၏ ပွဲစဉ်၌မူ ပေါင်းလောင်းကွင်းအစား ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းသို့ ပြောင်းလဲ သတ်မှတ်ပေးခဲ့ သည်။

ထို့ကြောင့် မူလက အောက်တိုဘာ ၃၁ ရက်၊ သုဝဏ္ဏကွင်းတွင် ကစားရန် စီစဉ်ထားသော မကွေးအသင်းနှင့် ဇွဲကပင် အသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၁ ရက်၊ သုဝဏ္ဏကွင်းသို့ ပြောင်းလဲခဲ့သည်။

ကျန်ရှိနေသည့် အခြားပွဲစဉ်များမှာ မူလသတ်မှတ် ထားသည့်အတိုင်း ပြောင်းလဲမှု မရှိဘဲ ဆက်လက်ကစားမည်ဖြစ်သည်။ ကျန်ရှိနေသည့် နေရှင်နယ်လိဂ် အခြားပွဲစဉ်များမှာ အောက်တိုဘာ ၃၀ ရက်၊ YUSC ကွင်းတွင် ရန်ကုန်အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ အောက်တိုဘာ ၃၁ ရက် ဧရာဝတီ ကွင်းတွင် ဧရာဝတီအသင်းနှင့် ဇေယျာရွှေမြေအသင်း၊ အောက်တိုဘာ ၃၁ ရက်၊ မန္တလေးမြို့၊ ဗထူးကွင်းတွင် ရတနာပုံ အသင်းနှင့် မနောမြေအသင်းတို့ ဆက်လက်ကစားကြမည်ဖြစ်သည်။

၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် ၂၂ တန်းဆင်းဇုန်အတွက် အဆုံးအဖြတ်ဖြစ်သော ပွဲစဉ်များမှာ ရခိုင်ယူနိုက်တက်အသင်းနှင့် ကမ္ဘောဇအသင်း၊ ရတနာပုံအသင်း နှင့် မနောမြေအသင်း၊ နေပြည်တော်အသင်းနှင့် ဟံသာဝတီအသင်းတို့ပွဲစဉ်များ ဖြစ်ကြသည်။

ပွဲစဉ် ၂၁ ပွဲကစားပြီးချိန်တွင် မနောမြေအသင်းက ရမှတ် ၁၉ မှတ်ဖြင့် အဆင့် ၁၀ ၊ ရခိုင်ယူနိုက်တက်အသင်းက ရမှတ် ၁၈ မှတ်ဖြင့် တန်းဆင်းဇုန် အဆင့် ၁၁ နှင့် နေပြည်တော်အသင်းက ရမှတ် ၁၇ မှတ်ဖြင့် တန်းဆင်းဇုန် အဆင့် ၁၂ တွင် ရပ်တည်နေကြသည်။ ထို့ကြောင့် အဆိုပါ အဆုံးအဖြတ် ပွဲသုံးပွဲတွင် အနိုင်ရရှိသည့် အသင်းမှာ တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly