မြန်မာယူ-၂၁အသင်း ကစားသမား စာရင်းအပြောင်းအလဲပြုလုပ်

မြန်မာယူ-၂၁အသင်း ကစားသမား စာရင်းအပြောင်းအလဲပြုလုပ်
ရန်ကုန်အသင်းနှင့်ခြေစမ်းပွဲတွင်တွေ့ရသည့် မြန်မာယူ-၂၁ကစားသမားများနှင့်နည်းပြအဖွဲ့။(ဓာတ်ပုံ- MFF)

အောက်တိုဘာ ၂၈၊ ရန်ကုန်။               ။ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၁အသင်း ပဏာလူစာရင်းကို နည်းပြအဖွဲ့မှ အပြောင်းအလဲပြုလုပ်ခဲ့သည်။

မူလရွေးချယ်ထားသည့် ပဏာမကစားသမား ၂၆ဦးစာရင်းမှ တိုက်စစ်မှူးကောင်းဆက်နိုင်ကို မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသို့ပြန်လည်စေလွှတ်ခဲ့ပြီး ဇွဲကပင်နောက်ခံလူ သိန်းဇော်၊ ဇေယျာရွှေမြေကွင်းလယ်ကစားသမား စစ်မင်း တို့ကို ထပ်မံအားဖြည့်ရွေးချယ်ခဲ့သည်။

မြန်မာယူ-၂၁အသင်းပဏာမလူစာရင်းကို ယခင်နည်းပြဟောင်း ဂတ်ဇီဆီဖရိုင်းဒရစ်က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၎င်းမှာ လက်ရွေးစင်အသင်းနည်းပြဖြစ်သွားပြီဖြစ်သဖြင့် ယူ-၁၆နည်းပြ အဲရစ်ဝီလျံက ဆက်လက်တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်သည်။

မြန်မာယူ-၂၁အသင်းဝင်ရောက်ယှဉ်ပြိုင်မည့် ဗီယက်နမ်ယူ-၂၁ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်ယူ-၂၁အသင်း၊ ဟောင်အန်းဂယ်လိုင်ယူ-၂၁အသင်း၊ ထိုင်းယူ-၂၁အသင်း၊ စင်ကာပူယူ-၂၁အသင်း၊ တောင်ကိုရီးယားယူ-၁၉အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲပုံစံမှာ အသင်းခြောက်သင်းကို သုံးသင်းစီ အုပ်စု နှစ်စုခွဲထားပြီး အုပ်စုပထမနှင့်ဒုတိယနှစ်သင်းစီ ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်ကာ ဗိုလ်လုပွဲနှင့် တတိယလုပွဲ ဆက်လက်ကစားရမည်ဖြစ်သည်။

ထို့အပြင်အုပ်စုအောက်ဆုံးနှစ်သင်းမှာလည်း အဆင့် ၅နှင့် ၆ နေရာအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် အဲရစ်ဝီလျံ၊ လက်ထောက်နည်းပြများအဖြစ် ဦးညီညီလတ်နှင့် ဦးမျိုးမင်းထွန်း၊ အသင်းမန်နေဂျာအဖြစ် ဦးတင်မြင့်အောင်တို့ကဆောင်ရွက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly