ဂျပန်ဝန်ကြီးချုပ်၏ အာရှခရီးစဉ်အတွင်း ကန်ဒေါ်လာ ၂၆ ဘီလျံကျော်တန်ဖိုးရှိ စီးပွားရေးစာချုပ်များ ချုပ်ဆိုခဲ့

ဂျပန်ဝန်ကြီးချုပ်၏ အာရှခရီးစဉ်အတွင်း ကန်ဒေါ်လာ ၂၆ ဘီလျံကျော်တန်ဖိုးရှိ စီးပွားရေးစာချုပ်များ ချုပ်ဆိုခဲ့

တိုကျို၊ အောက်တိုဘာ ၂၈ ။         ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် စီးပွားရေးခေါင်းဆောင်များသည် အောက်တိုဘာ ၂၈ နေ့က သီတင်းတစ်ပတ်ကြာ ဗဟိုအာရှခရီးစဉ်မှ ပြန်လည်ရောက်ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆ ဘီလျံ (စင်ကာပူ ဒေါ်လာ ၃၆ဘီလျံ) ကျော်တန်ဘိုးရှိ စီးပွားရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ကမ္ဘာ့နံပါတ် - ၃ စီးပွားရေး ဂျပန်၏ ဝန်ကြီးချုပ်သည် မဟာပြိုင်ဘက် တရုတ်က ကြီးမားစွာရင်းနှီးမြုပ်နှံနေသော ဗဟိုအာရှဒေသတွင် စီးပွားရေးဆက်ဆံမှုများ ခိုင်မာစေရန် ဂျပန် ကုမ္ပဏီ ၅၀ခန့်မှ ကိုယ်စားလှယ်များနှင့် အတူ ယင်းဒေသရှိ နိုင်ငံ ငါးခုသို့ခရီးထွက်ခဲ့သည်။

"ကျွန်တော်က ဗဟိုအာရှငါးနိုင်ငံကို တစ်ချိန်တည်းခရီးထွက်ခဲ့တဲ့ ပထမဆုံးဂျပန်ဝန်ကြီးချုပ်ပါ"ဟု အာဘေးက ၎င်း၏နောက်ဆုံးခရီးစဉ် ကာဇက်စတန်နိုင်ငံတွင် ပြောကြားခဲ့သည်။ ၎င်းသည် ဥဇဘက်ကစ္စတန်သို့လည်း သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် တာ့ခ်မင်နစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့သို့လည်း သွားရောက်ခဲ့သည်။

"ဂျပန်နဲ့ ဗဟိုအာရှရဲ့ အနာဂတ်မှာ ကြီးမားတဲ့ အလားအလာတစ်ခုရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟုလည်း ၎င်းကပြောကြားခဲ့သည်။ အဓိကသဘာဓါတ်ငွေ့တင်ပို့သည့် တာ့ခ်မင်နစ္စတန်တွင် ရှိနေစဉ် ဝန်ကြီးချုပ်သည် သဘာဝဓါတ်ငွေ့နှင့် ဆက်နွယ်သည့် စက်ရုံတစ်ခုတည်ဆောက်ရေးနှင့် အခြားလုပ်ငန်းများအတွက် ယန်း ၂ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၁၈ဘီလျံ) တန်ဖိုးရှိ သဘောတူညီ ချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

အောက်တိုဘာ ၂၅ရက်ကလည်း ဥဇဘက်ကစ္စတန်တွင် အာဘေးသည် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများအတွက် ဒေါ်လာ ၈ဒသမ၅ဘီလျံတန်ဘိုးရှိ သဘောတူညီချက် များကို လက်မှတ်ထိုးခဲ့သည်။

ထို့အပြင် ကာဂျစ္စတန်သို့ ဒေါ်လာသန်း ၁၀၀ကျော်နှင့် တာဂျစ္စတန်သို့ ယင်းပမာဏထက်နည်းသောငွေကြေးများ ထောက်ပံ့ရန်လည်း အာဘေးက ကတိပြုခဲ့သည်။ ဗဟိုအာရှဒေသအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂၀၂၀ပြည့်နှစ်တွင် ဂျပန်ကုမ္ပဏီများအတွက် အခြေခံအဆောက်အဦးလုပ်ငန်းအမှာစာတန်ဘိုး ယန်း ထရီလီယံ ၃၀ အထိရရှိစေရန် အာဘေးက ကတိပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly