NSCN တည်ထောင်ခြင်း နှစ် ၄၀ ပြည့် အခမ်းအနားကို တောတွင်းပုန်းခိုရာ၌ ကျင်းပ

NSCN တည်ထောင်ခြင်း နှစ် ၄၀ ပြည့် အခမ်းအနားကို တောတွင်းပုန်းခိုရာ၌ ကျင်းပ

ဇန်နဝါရီလ ၁။               ။ နာဂတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသည် ရေရှည်ကြာမြင့်နေပြီဖြစ်ပြီး ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်သော ၎င်းတို့ နယ်မြေကို ထိန်းချုပ်နိုင်ရေး မြန်မာနှင့် အိန္ဒိယတို့၏ ကြိုးပမ်းမှုများကို ချေဖျက် သွားရန် အသင့်ရှိနေ ကြောင်းနာဂသူပုန်ခေါင်းဆောင်တစ်ဦးက စစ်မာန်ပါသော မိန့်ခွန်းတစ်ရပ်၌ ပြောကြားခဲ့သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တောတွင်း ပုန်းအောင်းရာ နေရာ၌ ဇန်နဝါရီ ၃၁ ရက်က ကျင်းပရာ NSCN ဥက္ကဋ္ဌနှင့် နာဂပြည် သူ့သမ္မတအစိုးရ၏ သမ္မတဖြစ်သူ ဦးယုံးအောင်က မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေစိုက်ထားသည် NSCN-K သူပုန်အဖွဲ့တွင် စစ်သား ၅၀၀ ခန့် အင်အားရှိထားကြောင်း သိရသည်။

နာဂလွတ်လပ်ရေးကြိုးပမ်းမှုသည် ကာလကြာမြင့်ပြီဖြစ်ပြီး ကမ္ဘာပေါ်၌ အရှည်ကြာဆုံး လက်နက်စွဲကိုင် တိုက်ပွဲဝင်မှုဖြစ်ကြောင်း NSCN ဥက္ကဌဖြစ်သူက တက်ရောက်လာကြသူများအား ပြောကြားသည်။

အိန္ဒိယနှင့် မြန်မာတို့ လွတ်လပ်ရေးရအပြီး နာဂနိုင်ငံတော်ကို အတင်းအဓမ္မ သိမ်းယူပြီးနောက် လွတ်လပ်ရေးတိုက်ပွဲအတွက် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ထောင်ပေါင်းများစွာ အသက်စတေးခဲ့ကြရသည်။

နာဂပြည်သူများ မွေးရပ်မြေအဖြစ် ရှုမြင်ထားသော နယ်မြေကို ချိုးနှိမ်ရန် ကြိုးစားရာ၌ အိန္ဒိယနှင့် မြန်မာတို့သည် အကြွေစေ့က ခေါင်းနှင့် ပန်းကဲ့သို့ ဖြစ်သော အရှေ့မျှော်မူဝါဒနှင့် အနောက်မျှော်မူဝါဒတို့၏ တစ်စိတ်တစ်ပိုင်း အားဖြင့် မကြာသေးမီက ပိုမိုပူးပေါင်းလာခဲ့ကြောင်း ဦးယုံးအောင်က ပြောသည်။

ရှေ့တွင် အမှောင်ထု ဆီးကြိုနေလင့်ကစား နာဂပြည်သူများအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားနိုင်မည်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မတူကွဲပြားမှုများ၏ ပြဿနာများသည် နာဂလူ့အသိုင်းအဝန်းအတွင်း ပြဿ နာများကို ဖြစ်ပွားပေါ်ပေါက်စေသည်ဟု ၎င်းက မှတ်ချက်ပြုပြောသော်လည်း နာဂပြည်သူများအနေဖြင့် ‘Nagaland for Christ’ ဆိုသည့် အောင်လံတံခွန်အောက်တွင် စည်းလုံးညီညွတ်ကြရန်လည်း တိုက်တွန်း ပြောဆိုခဲ့ သည်။

နာဂနယ်မြေအတွင်း အုပ်စုအဖွဲ့ အသီးသီး၏ ကြိုးစားအားထုတ်မှုများနှင့် တာဝန်ထမ်းဆောင်မှုများအတွက်လည်း ၎င်းက ကျေးဇူးတင်စကား ပြောဆိုသည်။

နာဂအမျိုးသားကောင်စီ NNC က အိန္ဒိယအစိုးရနှင့် ရှီလောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးသည်ကို ဆန့်ကျင်ကန့်ကွက်ကာ NSCN အဖွဲ့ကို ၁၉၈၀ ဇန်နဝါရီ ၃၁ ရက်တွင် Isak Chisi Swu၊ Thuingaleng Muivah နှင့် S.S. Khaplang တို့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနယ်မြေများ၌ တိုင်းရင်းသားပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်းလျက် ရှိနေပြီး အဆိုပါ ပဋိပက္ခများက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ချမ်းသာကြွယ်ဝခြင်း တို့အတွက် အတားအဆီးဖြစ်နေသည်ဟု ဆိုသည်။

နှစ်နိုင်ငံစလုံးအနေဖြင့် နယ်စပ်ဧရိယာများ လမ်းပွင့်နိုင်ရေးနှင့် အစပျိုးလုပ်ငန်းစဉ်များနှင့် စီမံကိန်းလုပ်ငန်းများမှတစ်ဆင့် ကုန်သွယ်ရေးနှင့် ဆက်သွယ်ရေးတို့ကို ပိုမိုတိုးမြှင့်သွားနိုင်ရန် ကြိုးပမ်းလျက် ရှိနေခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly