မြန်မာကျောင်းသားများ ဝူဟန်မြို့မှ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စတင်ထွက်ခွာနိုင်ရေး ဆောင်ရွက်နေ

မြန်မာကျောင်းသားများ ဝူဟန်မြို့မှ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စတင်ထွက်ခွာနိုင်ရေး ဆောင်ရွက်နေ
Photo - AFP

ရန်ကုန်၊ ဖေဖော်ဝါရီ ၁။               ။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေသည့် မြန်မာကျောင်းသားတွေကို မြန်မာသံရုံးမှ လေဆိပ်ကိုပို့ဆောင်ရန် စီစဉ်ထားသည့် ဘတ်စ်ကား နှစ်စီးဖြင့် သက်ဆိုင်ရာကျောင်းများတွင် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ (၂)နာရီခွဲခန့်တွင် စတင်ကြိုဆိုခေါ်ဆောင်နိုင်ရေး စီစဉ်နေကြောင်း သိရသည်။

မြန်မာကျောင်းသား ၆၃ ဦး ဝူဟန်မြို့မှ ထွက်ခွာခွင့်နှင့် ဝူဟန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အထူးလေယာဉ်ဆင်းသက်ခွင့် ရရှိပြီဖြစ်ပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးရန် ဘေကျင်းအခြေစိုက် မြန်မာသံရုံးမှ ဒုတိ ယအတွင်းဝန် ဦးစိုးပြည့်ဝင်းသည် ပေကျင်းမြို့မှ ဝူဟန်မြို့သို့ ထွက်ခွာသွားပြီဟု သိရသည်။

ဦးစိုးပြည့်ဝင်းက “ကျွန်တော် အခုကားပေါ်မှာ ဝူဟန်ကို သွားနေပါတယ်။ အကုန်လုံး ပါမှာပါခင်ဗျ။ သူတို့နဲ့လည်း အခုဖုန်း ပြောနေပါတယ်။ ကျွန်တော် ဝူဟန်ထဲကို ဝင်ရမှာ ။ ဒီဘက်က လုံးဝပိတ်ထားတဲ့ အခြေအနေ ဆို တော့။ လုံးဝခွင့်တောင်းပြီးမှ ဝင်ရတဲ့ အခြေအနေပါ။ သူတို့ ထွက်ခွင့်ပေးတဲ့ တစ်ခြားလေကြောင်းလိုင်းတွေလည်း ရှိတော့ ချိန်ပြီး ထွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာကျောင်းသားများကို ပြန်ခေါ်မည့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA B737- 800 လေယာဉ်သည် ရန်ကုန်မြို့မှ ယနေ့ ညနေ မြန်မာစံတော်ချိန် (၄)နာရီတွင် စတင်ထွက်ခွာပြီး ဝူဟန်အပြည်ပြည်ဆိုင်ရာ လေဆိပ်  သို့ ဒေသစံတော်ချိန် ည (၁၀)နာရီ မိနစ်(၄၀)တွင် ဆင်းသက်နိုင်ရန် စီစဉ်နေကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

မြန်မာကျောင်းသားများအား ပြန်လည်ခေါ်ဆောင်လာမည့် အထူးလေယာဉ်သည် ဝူဟန်လေဆိပ်မှ ဒေသစံတော်ချိန် ည(၁၁)နာရီ (၂၅)မိနစ်ခန့်တွင် ပြန်လည်ထွက်ခွာနိုင်ရန်နှင့် မြန်မာနိုင်ငံ မန္တလေးလေဆိပ်သို့ ဇန်နဝါရီ (၂)ရက်နေ့ မြန်မာစံတော်ချိန် မနက် (၁)နာရီ မိနစ်(၄၀)အချိန်တွင် ဆိုက်ရောက်နိုင်ရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။

ဝူဟန်မြို့မှ ရောက်ရှိလာသော ကျောင်းသားများကို မြန်မာနိုင်ငံဘက်မှ ကျန်းမာရေးစစ်ဆေးမှုနှင့် ၁၄ ရက် သီးသန့် စောင့်ကြည့်မှုများ ပြုလုပ်ရန် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ထားသည်။  

ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ဖြစ်ပွားပြီး သေဆုံးမှုနှင့် ဖြစ်ပွားမှုပြင်းထန်သော ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီ ပိတ်မိနေခဲ့ရာ အမေရိကန်နိုင်ငံသား ၂ဝဝ နှင့် ဂျပန်နိုင်ငံသား ၄ဝဝ ကို သက်ဆိုင်ရာ နိုင်ငံအသီးသီးက ပြန်လည်ခေါ်ဆောင် သွားခဲ့ပြီးဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၅၉ ဦးရှိလာပြီး ကူးစက်ခံရသူပေါင်း ၁၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသော  နိုင်ငံပေါင်းလည်း ၂၀ ကျော်ထက်မနည်းရှိ လာပြီး ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာထားသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly