ထရမ့်ကို ရာထူးက ဖယ်ရှားသင့်မသင့် ဖေဖော်ဝါရီ ၅ ရက်မှာ ဆီးနိတ် ဆုံးဖြတ်မယ်

ထရမ့်ကို ရာထူးက ဖယ်ရှားသင့်မသင့် ဖေဖော်ဝါရီ ၅ ရက်မှာ ဆီးနိတ် ဆုံးဖြတ်မယ်

ဖေဖော်ဝါရီ ၁။                  ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးက ဖယ်ရှားသင့်မသင့် ဆီးနိတ်လွှတ်တော်က ဖေဖော်ဝါရီ ၅ ရက်မှာ စီရင်ချက်ချလိမ့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ထရမ့်ကို အပြစ်ရှိကြောင်း စွဲဆိုချက်အပေါ် ဆီးနိတ်မှာ သီတင်းနှစ်ပတ်ကြာ စစ်ဆေးကြားနာမှုမှာ သက်သေအထောက်အထားသစ်တွေ ရှိတယ်ဆိုပြီး ဒီမိုကရက်တစ်ပါတီက မျက်မြင်သက်သေထွက်ဆိုသူ ထပ်မံတင် သွင်းတာကို ဆီးနိတ်က မဲခွဲပယ်ချအပြီးမှာ စီရင်ချက်ချဖို့ကို ဆုံးဖြတ်လိုက်တာပါ။

သမ္မတ ထရမ့်ကို ရာထူးအာဏာ အလွဲသုံးစားမှုနဲ့ လွှတ်တော်ကို စွက်ဖက်ခြယ်လှယ်မှုတွေအတွက် ဒီမိုကရက်တစ်တွေ ကြီးစိုးရာ အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုပြီး အပြစ်ရှိကြောင်း စွဲချက်တင်လာတာကို ရီပတ်ဘရီကန် ကြီးစိုးရာ ဆီးနိတ်လွှတ်တော်မှာ တရားစီရင်ကြားနာခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ အပြစ်ရှိကြောင်း စီရင်ချက် ချခံရရင် ထရမ့်အနေနဲ့ ရာထူးက ဖယ်ရှားခံရမှာ ဖြစ်ပေမယ့် ဆီးနိတ်မှာက ထရမ့်ရဲ့ ရီပတ်ဘရီကန်ပါတီက ကြီးစိုးထားတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ ၎င်းရဲ့ နိုင်ငံရေးပြိုင်ဖက်ကို အကျင့်ပျက်ခြစားမှုနဲ့ ကြေညာနိုင်ဖို့ ယူကရိန်းနိုင်ငံကို ဖိအားပေးခဲ့တယ်လို့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။

ထရမ့်ဟာ ယူကရိန်းကို ထောက်ပံ့တဲ့ စစ်ရေးအကူအညီတွေကို လက်ကိုင်တုတ်လုပ်ပြီး ပြိုင်ဖက် ဂျိုးဘိုင်ဒင်ရဲ့ ယူကရိန်းက စီးပွားရေးလုပ်ငန်းတွေမှာ အကျင့်ပျက်ခြစားမှု ရှိတယ်ဆိုတာကို စုံစမ်းစစ်ဆေးပေးဖို့ ရာထူးအာ ဏာကို အလွဲသုံးစားလုပ်ကာ ဖိအားပေးခဲ့တယ်လို့ စွဲဆိုခံထားရတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly