အီးယူမှ ဗြိတိန်နုတ်ထွက်၊ ထောက်ခံသူတွေက ပွဲလမ်းများ ကျင်းပပြီး ကန့်ကွက်သူတွေ စုရုံးဆန္ဒပြ

အီးယူမှ ဗြိတိန်နုတ်ထွက်၊ ထောက်ခံသူတွေက ပွဲလမ်းများ ကျင်းပပြီး ကန့်ကွက်သူတွေ စုရုံးဆန္ဒပြ

လန်ဒန်၊ ဖေဖော်ဝါရီ ၁။             ။ ဗြိတိန်နိုင်ငံဟာ ၄၇ နှစ်ကြာ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးပြီး  သုံးနှစ်ကျော်အကြာမှာတော့ အီးယူကနေ တရားဝင်နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။

ဂရင်းနစ်စံတော်ချိန် ၂၃ နာရီမှာ သမိုင်းတွင်တဲ့ အီးယူကနေ ဗြိတိန် နှုတ်ထွက်မှု အသက်ဝင်ခဲ့ပြီ ဖြစ်ပါတယ်။အီးယူကနေ ဗြိတိန်နုတ်ထွက်မှု ဘရစ်ဇစ်ကို ထောက်ခံသူတွေကတော့ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေပြီး ဆန့်ကျင်သူ တွေဟာ စုရုံးဆန္ဒပြကြပါတယ်။

ဥရောပမှဗြိတိန်ခွဲထွက်ရေး (Brexit) ကို မလိုလားတဲ့ ထောင်နဲ့ချီတဲ့အက်ဒင်ဘာရာဒေသခံတွေဟာ ဗြိတိန် ဥရောပသမဂ္ဂကနေ တရားဝင်နုတ်ထွက်မယ့် ဇန်နဝါရီ ၃၁ ရက် ဂရင်းနစ်စံတော်ချိန် ၂၃ နာရီမတိုင်ခင်လေးမှာ အီးယူနဲ့ စကော့တလန်အလံတွေကိုင်ဆောင်ပြီး စကော့တလန်ပါလီမန်အဆောက်အအုံရှေ့မှာ စုဝေးခဲ့ကြပါတယ်။

ဗြိတိန်ဟာ ဥရောပနဲ့ နှစ် ၅၀ နီးပါး ပူးပေါင်းဆောင်ရွက်လာတာဖြစ် ပြီး  ကိုယ့်လမ်းကြောင်းကိုယ်ဖောက်ဖို့ နှစ်အတော်ကြာ ငြင်းခုံဆွေးနွေးပြီးတဲ့နောက် ခုလို သမိုင်းဝင် ထွက်ခွါခဲ့တာပါ။

ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံများအကြား စည်းလုံးညီညွတ်စေဖို့ ဖွဲ့စည်းခဲ့တဲ့ ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်က ပထမဆုံးနုတ်ထွက်လိုက်ချိန်မှာ မလိုလားသူတွေကလည်း ဝမ်းနည်းစိတ်ထိခိုက်ခဲ့ကြပါတယ်။

အလုပ်သမားလူတန်းစားကို အထောက်အပံ့ပေးနေတဲ့ အသင်းအဖွဲ့တွေက ပျော်ပွဲရွှင်ပွဲတွေကျင်းပနေသလို တစ်ဖက်မှာလည်း အီးယူထောက်ခံသူတွေက ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ ဖယောင်းတိုင်မီးတွေထွန်းပြီး ဝတ်ပြုဆုတောင်းမှုတွေ လုပ်ခဲ့ကြပါတယ်။

ဗြိတိန်ဟာ ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပြောင်းအလဲကာလအဖြစ်သတ်မှတ်ထားပြီး အီးယူဥပဒေအတိုင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လွတ်လပ်စွာ ကုန်သွယ်မှုတွေဆက်လက်ပြုနေမှာဖြစ်ပေမယ့် မူဝါဒပိုင်းဆိုင်ရာတွေမှာတော့ ပါဝင်ဆုံးဖြတ်တော့မှာ မဟုတ်ပါဘူး။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly