ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို လူစားလဲမည်

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို လူစားလဲမည်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

နေပြည်တော် ၊ဇန်နဝါရီ ၃၁၊ ၂၀၂၀ ။         ။ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်များ ထမ်းဆောင်ရန် အတွက် ပြန်ခေါ်ပြီး ၎င်းနေရာတွင် အခြားတစ်ယောက်ကို အစားထိုးခန့်ထားရေးအတွက် သမ္မတဆီ တင်ပြထားသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော် ဌေးက ပြောသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် မွေးဖွားသူဖြစ်ရာ ယခု အသက် ၆၁ နှစ် ရှိပြီ ဖြစ်ကာ အငြိမ်းစားပေးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မူလစစ်ဘက်တာဝန်များကို ထမ်းဆောင်ရန် ပြန်ခေါ်သည်ဟု သမ္မတရုံး တာဝန်ရှိသူကပြောပြီး မည်သူကို အစားထိုး ခန့်မည်ဆိုသည့်ကိစ္စအတွက် သတင်းထုတ်ပြန်မှုကို စောင့်ကြည့်ရန်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာန တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရမည်ဟု ပြဌာန်းထားသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်များတွင် အမြဲတမ်းနီးပါးတွေ့ရပြီး တရုတ်သမ္မတခရီးစဉ်တွင် MOU လက်မှတ်များ လဲလှယ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို အလေးပြုနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဓာတ်ပုံများ ပေါ်ထွက်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly