ဇန်နဝါရီလ ၃၁ရက်။ ။ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ရန်ကုန်သို့ ဆိုက်ရောက်လာသည့် လေယာဉ်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူ တရုတ်နိုင်ငံသားနှင့်အတူ လေယာဉ်စီးနင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း မြောက်ဥက္ကလာပမြို့နယ်ရှိကူးစက်ရောဂါကုဆေးရုံဖြစ်သည့်ဝေဘာဂီဆေးရုံတွင် ဆေးစစ်မှုများလုပ်နေသည်ကို မဇ္ဈိမ သတင်းထောက်များ ယနေ့မွန်းလွဲပိုင်းက တွေ့မြင်ကြရသည်။
ယနေ့ နံနက် ၁၀နာရီခန့်ကကွမ်ကျိုးမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆိုက်ရောက်လာသည့် လေကြောင်းခရီးစဉ်အမှတ် CZ -3055 ၊လေယာဉ်အမျိုးအစား Air Bus A-319 ၊လေယာဉ်အမှတ် B-6208 တွင် ခရီးသည် စုစုပေါင်း ၈၆ ယောက်လိုက်ပါလာခဲ့ရာ ခရီးသည်နှစ်ဦးသာလျှင် မြန်မာနိုင်ငံသားဖြစ်ပြီး အမေရိကန်နိုင်ငံသား နှစ်ဦး၊ ပြင်သစ်နိုင်ငံသား နှစ်ဦး၊ ကိုလံဘီယာနိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသား ၇၂ ဦး၊ ပါဝင်သည်။ လေယာဉ်အမှုထမ်းကတော့ ခုနှစ်ဦးဖြစ်သည်။
မွန်းလွဲ ၄ နာရီခန့်က မဇ္ဈိမက စုံစမ်းသိရှိရသည်မှာ နာမကျန်းဖြစ်သူဟု သံသယရှိသူ တရုတ်နိုင်ငံသားကို ကျန်းမာရေးစောင့်ကြည့်စစ်ဆေးရန် ဝေဘာဂီဆေးရုံတွင် သီးသန့်အခန်းဖြင့် စောင့်ကြည့်နေသလို မြန်မာနိုင်ငံ သား နှစ်ဦးကိုလည်း သီးခြားအခန်းတွင်ထားရှိကာ ဆေးစစ်မှုပြုလုပ်နေခြင်းဖြစ်သည်။
ကျန်သူများကိုမူ သူတို့လိုက်ပါလာသော လေယာဉ်ဖြင့်ပင် ကွမ်ကျိုးမြို့သို့ ပြန်လည်ပို့ဆောင်လိုက်သည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးပိုင်က မဇ္ဈိမသို့ ပြောသည်။
စောင့်ကြည့်လူနာ တရုတ်နိုင်ငံသားမှာ အသက် ၅၆ နှစ်အရွယ် Mr. Wang Jinping ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မည်သူ မည်ဝါဖြစ်သည်ကို မဇ္ဈိမအနေဖြင့် မသိရသေး ပါ။
မြန်မာအစိုးရအနေ ဖြင့်လည်းဇန်နဝါရီလ ၃၁ရက်တွင် အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကိုစတင်ဖွဲ့စည်းပေးလိုက်ပြီဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်မှာချောင်းဆိုးခြင်း နှာချေခြင်းတို့မှ အသက်ရှုလမ်းကြောင်းကိုဝင်ရောက်ကာရောဂါကူးစက်ခြင်းဖြစ်သည့်အတွက် နှာခေါင်းနှင့် ပါးစပ်တို့ကို အကာအကွယ်များ တပ်ဆင်ထားရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်သည့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအတွင်းသေဆုံးသူ ၁၃၂ဦး ရှိနေပြီး နိုင်ငံ ၂၂ နိုင်ငံမှ လူပေါင်း ၉၈၀၀ကျော် ရောဂါကူးစက်ခံထားရသည်။