ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီဖွဲ့စည်း

ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီဖွဲ့စည်း

ဇန်နဝါရီလ ၃၁ရက် ။              ။ 2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို နိုင်ငံတော်သမ္မတက ဇန်နဝါရီလ ၃၁ရက်က ဖွဲ့စည်းပေးလိုက်သည်။

အဆိုပါကော်မတီတွင် ဥက္ကဋ္ဌ၊ပူးတွဲဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းပေးလိုက်ပြီးဥက္ကဋ္ဌအဖြစ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တာဝန်ယူမည်ဖြစ်ကာ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတာဝန်ယူမည်ဖြစ်ကြောင်းသိရသည်။

ကော်မတီအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြည်ရေး လုပ်ငန်းများကို ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံကို ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များနှင့် ပြည်ပ ပြန်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါ ဆက်လက်ပြန့်ပွားမှုမရှိစေရေး၊ ပြည်ပထွက်ခွာမည့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးအသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်ရန် ကြီးကြပ်ပေးရမည်ဖြစ်သည်။

တိကျသော သတင်းအမှန်များအချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရေး၊ လေဆိပ်၊နယ်စပ်ဝင် ပေါက်ထွက် ပေါက်များတွင် တာဝန်ယူနေသည့် ဝန်ထမ်းများရောဂါမကူးစက်အောင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ကြီးကြပ်ဆောင်ရွက်ရေး၊ ရောဂါကုသရန် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ ဓာတ်ခွဲခန်းသုံးပစ္စည်းများ တင်သွင်းနိုင်ရေး ပံ့ပိုးဆောင်ရွက်ရန်တို့လည်း ပါဝင်သည်။

တရုတ်နိုင်ငံဝူဟန်မြို့တွင် ကျောင်းတက်နေသည့် မြန်မာနိုင်ငံသားများအားအထူးလေယာဉ်နှင့် ပြန်လည်ခေါ်ယူရေးဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါက ကျောင်းသားကျောင်းသူများအား ရောဂါကူးစက်မှုရှိမရှိလိုအပ်သောကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်သွားရန်လည်း နိုင်ငံတော်သမ္မတကလမ်းညွှန်ထားသည်။

လက်ရှိတွင် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် 2019 Novel Coronavirus (2019-nCov)အဆုတ်ရောင် ရောဂါကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၂၁၃ဦးရှိနေပြီး နိုင်ငံပေါင်း ၂၃နိုင်ငံမှ လူပေါင်း ၉၈၂၁ ဦး ရောဂါကူးစက် ခံထားရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly