‘အောင်မြင်မှုတွေနဲ့ ဆုဖလားတွေ ရယူသွားနိုင်ဖို့ အရာတိုင်းကို ပေးဆပ်သွားမှာပါ။’ - ယူနိုက်တက် ခေါ်ယူလိုက်တဲ့ ပေါ်တူဂီရဲ့ ဖာနန်ဒက်စ်

‘အောင်မြင်မှုတွေနဲ့ ဆုဖလားတွေ ရယူသွားနိုင်ဖို့ အရာတိုင်းကို ပေးဆပ်သွားမှာပါ။’ - ယူနိုက်တက် ခေါ်ယူလိုက်တဲ့ ပေါ်တူဂီရဲ့ ဖာနန်ဒက်စ်
Photos: Man United & EPA

စပို့တင်းလစ္စဘွန်းအသင်းကနေ (၅)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့လာပြီးနောက် ဘရူနိုဖာနန်ဒက်စ်က သူဟာ မန်ချက်စတာယူနိုက်တက်ကို "အောင်မြင်မှုတွေနဲ့ ဆုဖလားတွေ" ရယူသွားနိုင်ဖို့ "အရာတိုင်း"ကို ပေးဆပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အသက် (၂၅)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြောင်းရွှေ့ကြေး ယူရို (၅၅)သန်း (ပေါင် ၄၇ သန်း) နဲ့ ပူးပေါင်ခဲ့တာဆိုပေမယ့် အပိုဆောင်းဆုကြေးတွေနဲ့ဆိုရင် သူ့ရဲ့တန်ဖိုးဟာ စုစုပေါင်း ယူရို သန်း (၈၀) (ပေါင် ၆၇.၇ သန်း)အထိ မြင့်တက်လာနိုင်ပါတယ်။

"အခုဆိုရင် မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးရတော့မှာမို့ မယုံကြည်နိုင်လောက်အောင်ကို ကျနော် ခံစားနေရပါတယ်။"လို့ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်က ပြောပါတယ်။

နည်းပြ ဆိုးလ်ရှားက ကွင်းလယ်ကစားသမားဟာ အသင်းအတွက် "ကောင်းမွန်လှတဲ့ ကစားသမားအင်အားဖြည့်တင်းနိုင်မှုတစ်ခု"ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ဟာ မြန်မာစံတော်ချိန် စနေနေ့၊ မနက် (၅း၃၀)မှာ ပိတ်သိမ်းတော့မယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးပြောင်းရွှေ့မှုဖြစ်ပါတယ်။ သူဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ နာနီနဲ့ ရိုဂျိုတို့နောက် စပို့တင်းကနေ မန်ချက်စတာယူနိုက်တက်ကို လာရောက်ပူးပေါင်းတာဖြစ်ပါတယ်။

၂၀၂၅ အထိ သက်တမ်းရှိတဲ့ သူ့ရဲစာချုပ်ဟာ နောက်ထပ်တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်လည်း ပါရှိပါတယ်။

"ကျနော့်ရဲ့ မန်ချက်စတာယူနိုက်တက်အပေါ် ဘယ်အချိန်ကတည်းက စပြီး သဘောကျနေခဲ့တာလဲဆိုတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ကစားတဲ့ပွဲစဉ်တွေကို ကြည့်ခဲ့တုန်းကတည်းကပါ။ အဲ့ဒီအချိန်ကစပြီး ကျနော်ဟာ ဒီလိုကြီးကျယ်လှတဲ့ အသင်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ခဲ့တာပါ။"လို့ ဖာနန်ဒက်စ်က ဆက်ပြောခဲ့ပါတယ်။

"ကျနော် ဒီလို အခိုက်အတန့်လေးရလာဖို့ အများကြီး ကြိုးစားခဲ့တာပါ။ ပရိသတ်တွေကို ကျနော် ကတိပေးနိုင်တာကတော့ ဒီအသင်းရဲ့ အမှတ်တံဆိပ်အတွက် အခုထက် အောင်မြင်မှုတွေနဲ့ ဆုဖလားတွေ ရယူသွားနိုင်ဖို့ ကျနော်မှာရှိသမျှ အရာတိုင်းကို ပေးဆပ်သွားမှာပါ။"

"စပို့တင်းကိုလည်း အရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ကျနော့်အပေါ် ယုံကြည်ခဲ့ကြတဲ့ အိုလေနဲ့ ယူနိုက်တက်က လူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအရာတွေအတွက် မြက်ခင်းပြင်ပေါ်မှာ အကောင်းဆုံး ကစားရင်း ပြန်လည်ပေးဆပ်ဖို့ မစောင့်နိုင်တော့အောင်ဖြစ်နေပါပြီ။"

ဖာနန်ဒက်စ်ကတော့ သူ့ရဲ့ကစားသမားဘဝကို အီတလီကလပ် နိုဗာရာအသင်းမှာ စတင်ခဲ့ပြီး အဲဒီနောက်မှာ အူဒီးနီးစ်၊ ဆမ်ဒိုရီးယားတို့မှာ ကျင်လည်ခဲ့ပြီး စပို့တင်းလစ္စဘွန်းမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ကာ (၁၃၇)ပွဲကစားပြီး (၆၃)ဂိုးသွင်းယူကာ (၅၂)ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly