ဦးဦးဒေါ်ဒေါ်တွေ အလွယ်ကူဆုံး ကိုယ်အလေးချိန်လျှော့ချနိုင်မယ့် နည်းလမ်းများ

ဦးဦးဒေါ်ဒေါ်တွေ အလွယ်ကူဆုံး ကိုယ်အလေးချိန်လျှော့ချနိုင်မယ့် နည်းလမ်းများ

ရေးသားသူ Ye Zon Aung

လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္တာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ ကိုယ်အလေးချိန်တွေကို ထိမ်းသိမ်းဖို့ ပိုမိုခက်ခဲလာကြပါတယ်။ အထူးသဖြင့် ခန္တာကိုယ်ရဲ့ အလေးချိန်နဲ့ ဝဖြိုးလာမှုတွေကို ထိမ်းချုပ်ရတာဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေ၊ လူနေမှုပုံစံတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာတာတွေနဲ့ မှားယွင်းတဲ့ စားသောက်မှုတွေကြောင့် သာမက ခန္တာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုတွေကြောင့်လည်း အသက် ၅၀ ကျော်လာချိန်တွေမှာ ကိုယ်အလေးချိန် သိသိသာသာ တိုးလာနိုင်ပါတယ်။

ဒါပေမယ့် ဒီအချက်တွေကြောင့်နဲ့တော့ သင်ဟာ ကိုယ်အလေးချိန်ချလို့မရဘူး၊ အဆီပိုတွေကို မဖယ်ရှားနိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ အသက်အရွယ်ကြီးရင့်နေသူတွေအနေနဲ့လည်း ရိုးရှင်းတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး ခန္တာကိုယ်ရဲ့ အလေးချိန်ကို ကိုယ်နဲ့ သင့်လျော်တဲ့ အခြေအနေမှာပဲ ရှိနေအောင် ထိမ်းညှိလို့ရနိုင်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကို အသုံးပြုရုံနဲ့ ကိုယ်အလေးချိန်ကို သိသိသာသာလျော့ပါးသွားစေနိုင်ပါတယ်။

    အသီးအရွက်နဲ့ သစ်သီးဝလံတွေ ပိုစားပါ – ဒါဟာ ဘယ်အသက်အရွယ်အတွက်မဆို ကိုယ်အလေးချိန်လျှော့ချိဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သစ်သီးဝလံတွေနဲ့ အသီးအရွက်ကို များများစားပေးတာဟာ ကိုယ်အလေးချိန်လျှော့ချရမှာ အထောက်အကူပြုတဲ့အပြင် ခန္တာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ကြွယ်ဝစွာ ရရှိစေနိုင်ပါတယ်။

    ပဲများများစားပါ – ပဲဟာ ပရိုတိန်းဓာတ်ကြွဝယ်ဝစွာ ရရှိနိုင်စေဖို့ အဓိက အစားအစာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး အစာချေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ အစာအိမ်အတွင်းမှာရှိတဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေကို ပံ့ပိုးပေးသလို ဇီဝကမ္မဖြစ်စဉ်ကို ကာကွယ်ပေးတဲ့ fatty acids တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

    မနက်စောစောထပါ – မနက်စောစောထတာဟာ ကိုယ်အလေးချိန် လျှော့ချမှုအတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ မနက်စောစောထတဲ့အခါ အစာစားချင်စိတ်နည်းပါးပြီး တက်ကြွလန်းဆန်းစေနိုင်ပါတယ်။ အိပ်ယာထနောက်ကျခဲ့မယ်ဆိုရင် အစာစားချိန် မမှန်တာမျိုးဖြစ်နိုင်သလို၊ ခန္တာကိုယ်ဟာလည်း လေးလံထိုင်းမှိုင်းနေတတ်ပြီး ကိုယ်အလေးချိန်တက်ဖို့ ဖြစ်နိုင်ချေပိုများပါတယ်။

    အစားအသောက်ကို ဂရုစိုက်ပါ – အသက်အရွယ်ကြီးရင့်လာသူတွေဟာ လိုအပ်တာထက် ပိုစားမိတာမျိုး၊ အစာစားချင်စိတ် လျော့နည်းသွားတာမျိုး၊ အစားစားချိန် မမှန်တာမျိုးတွေ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါတွေကို သတိထား ဆင်ချင်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အစာစားရာမှာလည်း လျှင်လျှင်မြန်မြန်မစားပဲ မှန်မှန်နှေးနှေးနဲ့ ကြေညက်အောင်ဝါးစားတာက ခန္တာကိုယ်အတွက် သင့်လျော်တဲ့ ပမာဏကို ဖြည့်ဆည်းပေးနိုင်ပြီး ဝိတ်ချရာမှာ အထောက်အကူဖြစ်သလို အာဟာရဓာတ်လည်း ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် တီဗီကြည့်ရင်းအစာစားတာမျိုးကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ ဒီနည်းလမ်းက သင့်ကို သေချာပေါက် အဝလွန်စေမှာသေချာနေတာကြောင့်ဖြစ်ပါတယ်။

    သကြားပါဝင်တဲ့ အချိုရည်တွေ သောက်တာလျှော့ပါ – သကြားဓာတ်ပါဝင်တဲ့ မုန့်အချိုတွေနဲ့ အချိုရည်တွေဟာ ခန္တာကိုယ်မှာ ကယ်လိုရီတွေ ပိုလျှံလာအောင် လုပ်မှာဖြစ်ပါတယ်။ ကယ်လိုရီပိုလျှံမှုများလာလေလေ လူကဝလာလေလေပါပဲ။ သကြားစားသုံးမှုလျှော့ချလိုက်ရုံနဲ့ ကိုယ်အလေးချိန် သိသိသာသာ စစ်သွားပါလိမ့်မယ်။

    လေ့ကျင့်ခန်း စုံစုံလင်လင်လုပ်ပါ – ကိုယ်အလေးချိန်လျှော့ချဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း တစ်မျိုးတည်းကို ပုံသေလုပ်တာထက် အမျိုးအစား စုံစုံလင်လင်ကို နည်းနည်းစီမျှလုပ်တာဟာ ဝိတ်ကျဖို့ ပိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ နည်းနည်းစီ အစုံမျှလုပ်တဲ့သူမျိုးနဲ့ တစ်မျိုးတည်းလုပ်တဲ့သူတွေအကြား ကိုယ်အလေးချိန် ကျတဲ့နှုန်းမတူညီကြောင့် အီလီနွိုက်တက္ကသိုလ်နဲ့ အိုင်ဝိုဝါတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသနစစ်တမ်းတစ်ရပ်က ဆိုထားပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်နဲ့ တစ်ပတ်ကို ၃ ရက်လောက် လုပ်ပေးသင့်တယ်လို့ အဆိုပါ စစ်တမ်းကဆိုထားပါတယ်။

    အားကစားနည်းအသစ် တစ်မျိုးမျိုးကို လေ့လာပါ – ကိုယ်သိနားလည်ထားတဲ့ အားကစားမဟုတ်တဲ့ အားကစားအမျိုးအစားသစ် တစ်မျိုးမျိုးကိုလည်း လေ့လာသင့်ပါတယ်။ စိတ်ပါဝင်စားမှုရှိပြီး ကိုယ်တိုင်လည်း နားလည်တတ်ကျွမ်းမှုမရှိတဲ့ ကစားနည်းအသစ်တွေကို လေ့လာလိုက်စားတာကလည်း ကိုယ်အလေးချိန် သိသိသာသာလျော့ကျစေဖို့ အထောက်အကူပြုတဲ့နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။

    မကြာခန ဥပုသ်စောင့်ကြည့်ပါ – ဥပုသ်စောင့်တာဟာ ဘယ်ဘာသာမှာမဆို ကုသိုလ်ရေး နည်းနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်တစ်လမ်းကနေ ကိုယ်အလေးချိန် လျော့ကျအောင်လည်း အထောက်အကူဖြစ်ပါတယ်။ ဘာသာအတော်များများဟာ ဥပုသ်သီတင်းယူချိန်တွေမှာ အစာစားတာကို ကန့်သတ်ထားလေ့ရှိပါတယ်။ ဒီနည်းလမ်းဟာလည်း ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။

    ယောဂကျင့်ပါ – ယောဂဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ အိုမင်းရင့်ရော်မှုကို လျှော့ချတာနဲ့ ခန္တာကိုယ် တည်ငြိမ်မှုတွေ တိုးတက်စေဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန် လေ့ကျင့်ပေးခြင်းအားဖြင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်တဲ့ အကျိုးထူးလည်း ရနိုင်ပါသေးတယ်။

    ပုံမှန်သောက်သုံးနေကျ ဆေးဝါးတွေကို ဆန်းစစ်ပါ – အသက် ၅၀ ကျော် လူကြီးအများစုဟာ ရောဂါကြောင့်ပဲဖြစ်ဖြစ် ခန္တာကိုယ်အတွက်ပဲဖြစ်ဖြစ် ပုံမှန် စွဲသောက်ရတဲ့ ဆေးဝါးတစ်မျိုးမျိုး သုံးစွဲနေရတာမျိုးဖြစ်နေနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ မိမိတို့ စွဲသောက်နေတဲ့ ဆေးတွေဟာ ခန္တာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲပစ်နိုင်ပြီး ကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။ ဒါကို သတိထားဖို့ လိုအပ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly