ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ခေါ်ယူသတိပေး

By နောင်နောင်
30 January 2020
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ခေါ်ယူသတိပေး

ဇန်နဝါရီ ၃၀ ။                ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် မတ်တပ်ရပ်ကာ ဗီနိုင်းများ ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများကို ခေါ်ယူသတိပေးရန် အခြေခံပညာရေးဦးစီးဌာနမှ ညွန်ကြားထားပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ငါးဦးကို ခေါ်ယူသတိပေးခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇော်ထက်အောင်က “ခေါ်ယူသတိပေးတဲ့ ပုံစံက ဘယ်လိုလဲဆိုတော့ ဖေ့စ်ဘွတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ညစ်ညမ်းတဲ့ စကားလုံးသုံးပြီး ရေးထားတဲ့ တစ်ယောက် ရှိတယ်။ အဲဒီတစ်ယောက်က ကျွန်တော်တို့သွားတဲ့ငါးယောက်ထဲက တစ်ယောက်နဲ့ နာမည်နည်းနည်းဆင်တူတယ်။ သူလားဆိုပြီးတော့ ခေါ်ပြီးတော့ပြောတာ။ ” ဟု ပြောသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား သမဂ္ဂအနေဖြင့် ထိုသို့ရိုင်းစိုင်းသည့် စကားမျိုး မည်သည့်အခါမှ ပြောလိမ့်မည် မဟုတ်ကြောင်းလည်း သူကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က နေပြည်တော် MICC-2 ခန်းမမှာ ပြုလုပ်သည့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိန်းခွန်းပြောနေစဉ် တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသား ၁၂ ယောက်က ဗီနိုင်းများ ကိုင်ဆောင်ကာ အသံတိတ် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြကျောင်းသူ၊ ကျောင်းသား ၁၂ ဦးမှာ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ငါးဦး၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးနှင့် ပညာရေးကော လိပ်များမှ ကျောင်းသားငါးဦး ပါဝင်သည်။

ဆိုရှယ်မီဒီယာပေါ်မှာ စာရေးတဲ့အခါ ညစ်ညမ်းတဲ့စကားလုံးတွေ နောက်ထပ်ပါလာမှာ စိုးရိမ်သည့်အတွက် ဥပဒေနှင့်မငြိစွန်းစေဖို့ စေတနာနှင့် ခေါ်ယူသတိပေးခြင်းဖြစ်ပြီး အရေးယူတာမျိုး မဟုတ်ဘူးလို့ အခြေခံပညာရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးကိုလေးဝင်းက ပြောသည်။

“သူတို့ကို စေတနာနဲ့ တစ်ခုခုများ ဖြစ်မှာစိုးလို့လေ။ ဥပဒေတွေနဲ့ ငြိမှာစိုးလို့။ ဖေ့စ်ဘွတ်မှာ တချို့ရေးနေတာတွေက တော်တော်ကြီးကို ပုဂ္ဂိုလ်ရေး စော်ကားမှုတွေနဲ့ ရေးနေတာ တွေ့နေလို့ ။ ” ဟု ဦးကိုလေးဝင်းက ပြောသည်။
ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအနက် စစ်ကိုင်းပညာရေး တက္ကသိုလ်က ကျောင်းသား နှစ်ဦးနှင့် ပညာရေး ကောလိပ်များမှ ကျောင်းသား ငါးဦးကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့များက ခေါ်ယူသတိပေးခြင်း မရှိသေး ကြောင်း လည်း သိရသည်။

ဆန္ဒပြ ကျောင်းသားတွေဟာ မန္တလေးတက္ကသိုလ် ကျောင်းသားများ သပိတ်မှောက် ကိစ္စဖြေရှင်းပေးရေး၊ မတ်လကုန်အထိ စာမေးပွဲ စစ်ဆေးခြင်းဟာ နိုင်ငံစီးပွားရေးကို တိုးတက်နိုင်ပါသလား စသည့်အချက်များ အပါအဝင် အချက် ၄ ချက်ပါ ဗီနိုင်းများကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly