ဝူဟန်ရှိမြန်မာ ကျောင်းသား၊ကျောင်းသူ ၆၃ဦးကို အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ယူရန် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရသေး

ဝူဟန်ရှိမြန်မာ ကျောင်းသား၊ကျောင်းသူ ၆၃ဦးကို အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ယူရန် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရသေး

ရန်ကုန်၊ ဇန်နဝါရီ ၃၀။             ။ဝူဟန်မြို့မှာပိတ်မိနေတဲ့  မြန်မာကျောင်းသား၊ကျောင်းသူ   (၆၃)ဦးကို အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ယူဖို့ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း တရုတ်နိုင်ငံဆိုင် ရာမြန်မာသံရုံးမှသိရသည်။

 

မြန်မာအစိုးရက  ကျောင်းသား ၆၃ဦးကို ဟူနန်ပြည်နယ်၊ ချန်းရှမြို့မှတဆင့် အထူးလေယာဉ် (Charter Flight) ဖြင့် စေလွှတ်ခေါ်ယူဖို့ ဇန်နဝါရီလ ၃၀ရက်နေ့က ခွင့်ပြုကြောင်း ထုတ်ပြန်လိုက်ပေမယ့် တရုတ်အစိုးရဘက် ကနေ ခွင့်ပြုပေးဖို့ ဆက်သွယ်တာမျိုး မရှိသေးဘူးလို့ တရုတ်နိုင်ငံဆိုင်ရာ   မြန်မာသံရုံးမှ ဒုတိယအတွင်းဝန်ဦးစိုးပြည့်ဝင်းက ပြောသည်။

၎င်းက“သူတို့က ဘယ်ရက်ပြန်မယ်ဆိုတာကို အတိအကျမသိရသေးဘူး လေယာဉ်နဲ့ ပြန်ခေါ်မယ်ဆိုပြီး တရုတ်အစိုးရကို အဆိုပြုထားတဲ့နိုင်ငံတွေက ၇ နိုင်ငံ၊ ၈ နိုင်ငံ ရှိပါတယ်ခင်ဗျ ၊ကျွန်တော်တို့ နိုင်ငံကလည်း သူတို့ ခွင့် ပြုတာကို စောင့်ဆိုင်းနေရတဲ့ စာရင်းထဲမှာ ပါပါတယ်”ဟု ပြောသည်။

မြန်မာကျောင်းသားများအား ပြန်လည်ခေါ်ယူရန် ခွင့်ပြုမည့် စာရင်းနှင့် စောင့်ဆိုင်းရမည့် အချိန်ကာလကိုမူ တရုတ်သံရုံးက အသေးစိတ်ထုတ်ပြန်တာမျိုး မရှိသေးကြောင်း သိရသည်။

 မြန်မာနိုင်ငံသို့ ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ရောက်ရှိပါက ကိုရိုနာ ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုများကို ပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ် ထားကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

 ဝူဟန်မြို့မှ ဂျပန်နိုင်ငံသား အယောက် ၄၀၀ ခန့်နှင့် အမေရိကန်နိုင်ငံသား ၂၀၀ခန့်ကို ၎င်းတို့၏ နိုင်ငံအသီးသီးကနေ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ထားပြီး ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly