ဝူဟန်မှ ကယ်ထုတ်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ၂၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ဟု ဆို

ဝူဟန်မှ ကယ်ထုတ်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ၂၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ဟု ဆို

ဇန်နဝါရီလ ၃၀  ။                 ။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အမေရိကန်နိုင်ငံသား ၂၀၀ ခန့် ကယ်ထုတ်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှာ ကယ်လီဖိုးနီးယား စစ်စခန်းဆီကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

အဲဒီလို ကယ်ထုတ်ခဲ့သူ ၁၉၅ ဦးစလုံးမှာ ဗိုင်းရပ်စ် ကူးစက်မှု လက္ခဏာ မတွေ့ရပေမယ့် ၎င်းတို့အုပ်စုကို သီးခြားခွဲထားပြီး ၇၂ နာရီ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC မှ တာဝန်ရှိသူ နန်စီမက်ဆွန်နားက ပြောပါတယ်။

ဝူဟန်က အမေရိကန်နိုင်ငံသားတွေကို ဘိုးရင်း ၇၄၇ နဲ့ သွားရောက်ခေါ်ယူခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းမှာ ရေးဗားဆိုက်က မတ်အဲယားအရန်တပ်ရင်းစစ်စခန်းကို ရောက်ရှိလာခဲ့တာပါ။

အဲဒီ ဘိုးရင်း ၇၄၇ လေယာဉ် စစ်စခန်းက ပြေးလမ်းပေါ် ဘီးချတာနဲ့ ကယ်ထုတ်လာခဲ့တဲ့ ခရီးသည်တွေဟာ ဂုဏ်ယူဟစ်ကြွေးကြတယ်လို့ နန်စီမက်ဆွန်နားက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေရာ တရုတ်နိုင်ငံကနေ နိုင်ငံသားတွေကို အားလုံးကို ကယ်ထုတ်ရေးက အချိန် သုံးရက်ခန့် ယူရမှာဖြစ်တယ်လို့ CDC မှ ဒေါက်တာ ခရစ္စဘရက်ဒန်က အခု အသုတ် ကယ်ထုတ်ခဲ့သူတွေ ရောက်ရှိလာပြီး အချိန်ပိုင်းမှာပဲ ပြုလုပ်တဲ့ သတင်းစား ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဝူဟန်မြို့ကနေပဲ ဂျပန်နိုင်ငံဆီကို ကယ်ထုတ်ခဲ့တဲ့ လူ ၄၀၀ ကျော်မှာ သုံးဦးဟာ ဖျားနာနေပြီး ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတယ်လို့ ဂျပန်အစိုးရက ဇန်နဝါရီ ၃၀ မှာ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၇၀ အထိ မြင့်တက်ရောက်ရှိလာပြီး ကူးစက်ခံထားရသူပေါင်း ၇၇၁၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း တရုတ်အစိုးရက ဇန်နဝါရီ ၃၀ မှာ ထုတ်ပြန်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly