ခွင့်လွှတ်စိတ်လေးမွေးကြည့်ပါ

ခွင့်လွှတ်စိတ်လေးမွေးကြည့်ပါ

ရေးသားသူ Ye Zon Aung
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

တစ်ခါတစ်လေမှာ မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ ကိုယ့်အနေနဲ့ လူတစ်ဖက်သားအပေါ်၊ ပြဿနာတစ်စုံတစ်ရာအပေါ် ခွင့်လွှတ်နိုင်စွမ်း ဘယ်လောက်ကြီးနိုင်မလဲဆိုတာကိုပေါ့။ လူအများစုဟာ ကိုယ်အမှား လုပ်မိချိန်မှာ တဖက်သားက ခွင့်လွှတ်ပေးခြင်းခံရချိန်တွေမှာ လွယ်ကူစွာလက်ခံတတ်ကြပေမယ့် ကိုယ်တိုင် ခွင့်လွှတ်နားလည်ပေးရမယ့်အခြေအနေမျိုး ကြုံလာရင်တော့ သည်းခံနိုင်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါကြောင့်လည်း သည်းခံခွင့်လွှတ်နားလည်နိုင်ခြင်းဟာ ရှားပါးပြီး တတ်ဖိုးရှိတဲ့ စိတ်ဓာတ်ခံယူချက်တစ်မျိုးလို့ ရှမြင်ခြင်းခံရတာဖြစ်ပါတယ်။

နောက်ပြီး ခွင့်လွှတ်တတ်သူတွေဟာ တစ်ကိုယ်ကောင်းမဆန်သူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့သာမက သူ့ပတ်ဝန်းကျင်ကသူတွေကိုပါ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ခွင့်လွှတ်ပေးနိုင်သူတွေကြောင့် ကမ္ဘာကြီးအတွက် ပိုအကျိုးရှိနိုင်သလို ပိုလည်းဘေးရန်ကင်းနိုင်တယ်မဟုတ်လား။ တကယ်တော့ ခွင့်လွှတ်တယ်ဆိုတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်လှပါဘူး။

လူသားဆန်မှု၊ မှန်ကန်စွာ ချင့်ချိန်တွေးခေါ်နိုင်စွမ်းနဲ့ အပြန်အလှန်ကျေးဇူးတရားအပေါ် နားလည်နိုင်စွမ်းတွေပေါင်းစပ်ပြီးမှသာ သည်းခံနိုင်တဲ့စိတ်ခွန်အားဖြစ်လာတာဖြစ်ပါတယ်။ သည်းခံခွင့်လွှတ်စိတ်ဟာ အထက်ပါအချက် ၃ ချက်ပေါင်းစပ်ပြီးမှ ဖြစ်လာတဲ့ ဆုံးဖြတ်ချက်လို့ ဗာဂျီးနီးယား ဓနသဟာယ တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ခွင့်လွှတ်နားလည်တတ်ခြင်းဟာ ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။

လူတစ်ချို့က မေးတတ်ကြတယ် ‘ခွင့်လွှတ်လို့ ဘာကောင်းမှာလဲ’ ‘ခွင့်လွှတ်ရင် လူတွေက အခွင့်အရေးယူချင်ကြတယ်၊ နှိမ်ချင်ကြတယ် မဟုတ်ဘူးလား’ စတာတွေပေါ့။ မှန်ပါတယ်။ လူတွေက ခွင့်လွှတ်တတ်သူတွေဆီကနေ အခွင့်အရေးယူချင်ကြတာမှန်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့တော့ သင့်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို အဆုံးရှုံးမခံလိုက်ပါနဲ့။ တကယ်ဆို ခွင့်လွှတ်သည်းခံနိုင်သူတွေဟာ သာမန်လူတွေထက် စိတ်ရော လူပါ ပိုပြီး သာလွန်ကောင်းမွန်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

ဟုတ်ပါတယ်။ အံ့အားသင့်စရာကောင်းလောက်အောင်ကို ခွင့်လွှတ်သည်းခံတတ်ခြင်းဟာ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေနဲ့ ဆက်စပ်နေတာပါပဲ။ ခွင့်လွှတ်သည်းခံတတ်တဲ့သူတွေဟာ သူတို့ကိုယ်တိုင် သတိမထားမိတဲ့ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအများအပြားကို ပိုင်ဆိုင်ခွင့်ရထားကြသူတွေဖြစ်ပါတယ်။ အဲဒါတွေကဘာတွေလဲဆိုတာကို အောက်မှာ ဆက်လေ့လာကြည့်ပါဦး။

    ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ ကောင်းမွန်သူတွေဖြစ်ပါတယ် – ခွင့်လွှတ်သည်းခံတတ်သူတွေဟာ စိတ်ပိုင်းအရရော ရုပ်ပိုင်းအရပါ ကျန်းမာရေးကောင်းမွန်သူတွေဖြစ်ပါတယ်။ ခွင့်လွှတ်သည်းခံနိုင်သူတွေဟာ စိတ်ဖိစီးမှု နည်းပါးသူတွေ ဒါမှမဟုတ် လုံးဝကင်းစင်သူတွေဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလေလေ သည်းခံနိုင်စိတ် နည်းပါးလေလေပါပဲ။ သည်းခံနိုင်စွမ်းမြင့်မားသူတွေဟာ စိတ်ဖိစီးမှုနဲ့သက်ဆိုင်တဲ့ စိတ်ရောဂါတွေဖြစ်နိုင်ချေလည်းနည်းပါးပါတယ်။ ဒီနှစ်ခုဟာ အမြဲ ပြောင်းပြန်အချိုးကျနေမှာဖြစ်ပါတယ်။

အတွေးအခေါ် ကောင်းမွန်သူတွေလည်းဖြစ်ပါတယ် – ခွင့်လွှတ်သည်းခံနိုင်စွမ်းရှိသူတွေဟာ ကောင်းမွန်စွာ တွေးတောဆင်ချင်နိုင်သူတွေဖြစ်ပါတယ်။ မနှစ်သက်တဲ့အခြေအနေတွေ၊ ချစ်ခင်နှစ် သက်သူတွေ ရဲ့ ပစ်ပယ်ခံရမှုတွေ၊ နာမကျန်းဖြစ်မှုတွေကို သည်းခံနားလည်ပေးနိုင်ဖို့ဆိုရင် ရင့်ကျက်တည်ငြိမ်ပြီး ကောင်းမွန်တဲ့ အတွေးအခေါ်အယူအဆမျိုး ပိုင်ဆိုင်ထားမှသာဖြစ်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကို ဘာမင်ဂမ်လူငယ်တက္ကသိုလ်က သုတေသနပြုလုပ် ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

လူမှုဘဝရဲ့ ဆိုးရွားမှုတွေကို ခံနိုင်ရည်ရှိသူတွေဖြစ်ပါတယ် – ခွင့်လွှတ်သည်းခံနိုင်စွမ်းဟာ လူမှုပတ်ဝန်းကျင်နဲ့ လူမှုဘဝမှာရင်ဆိုင်ရတတ်တဲ့ နာကျင်ဖွယ်အဖြစ်အပျက်တွေနဲ့ စိတ်ခံစားချက်တွေကို ခံနိုင် ရည်ရှိအောင် ကာကွယ်ပေးပါတယ်။ သုတေသနပညာရှင်တွေကတော့ Acetaminophen ဆိုတဲ့ ဆေးဝါးတစ်မျိုးကလည်း “Social Pain” တွေကို လျှော့ချပေးနိုင်သလို သည်းခံခွင့် လွှတ်နိုင် စွမ်းတိုးတက် စေတယ်လို့ ဆိုထားပါတယ်။

    အလုပ်မှာ ထူးချွန်သူတွေ ဖြစ်ပါတယ် – ခွင့်လွှတ်သည်းခံတတ်သူတွေဟာ စိတ်ဖိစီးမှုနည်းပါးတာကြောင့် လုပ်ငန်းခွင်မှာ အလုပ်အောင်မြင်ပြီးမြောက်မှုနှုန်း မြင့်မားတတ်ပါတယ်။ လေ့လာချက်တွေအရ အလုပ်သမားတွေရဲ့ သည်းခံခွင့်လွှတ်နိုင်စွမ်း၊ လုပ်ငန်းစွမ်းဆောင်ရည်၊ ပျက်ကွက်မှု၊ စိတ်ဖိစီးမှုနဲ့ ကျန်းမာရေးပြဿနာတွေကို တိုင်းတာမှုပြုလုပ်ရာမှာ စပ်ဆက်မှုရှိနေတာကို တွေ့ခဲ့ရပါတယ်။ သည်းခံခွင့်လွှတ်စိတ်များသူတွေဟာ စိတ်ကျန်းမာရေး၊ ရုပ်ကျန်းမာရေး အားလုံးမှာ သာလွန်နေပြီး လုပ်ငန်းစွမ်းဆောင်ရည်မှာလည်း ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly