အမျိုးသားလွှတ်တော် အာမ ကတိကော်မတီ၏ မမှန်သတင်းဖြန့်သူများကို အရေးယူမည်

အမျိုးသားလွှတ်တော် အာမ ကတိကော်မတီ၏ မမှန်သတင်းဖြန့်သူများကို အရေးယူမည်

နေပြည်တော်၊ ဇန်နဝါရီ ၂၉၊၂၀၂၀ ။        ။ ကချင်ပြည်နယ် ဖားကန့်ဒေသမှ ကျောက်မျက်လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးရာတွင် အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားသည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဝင်များအနေဖြင့် လာဘ်ငွေယူကြောင်း မမှန်သတင်း ဖြန့်သူကို အရေးယူရန် လုပ်ဆောင်နေသည်ဟု ကော်မတီ ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဥက္ကဋ္ဌ ဦးသိမ်းဆွေက ပြောသည်။

ကော်မတီ၏ ဖားကန့်ခရီးစဉ်တွင် ပွင့်ထူးစံကုမ္ပဏီက လာဘ်ငွေ ပေးခဲ့ သည့်အတွက် ကျောက်ခိုးတူးသည့်ကိစ္စကို ကော်မတီဝင်များက ထုတ်ဖော် ပြောဆိုခြင်း မရှိဟု Moe Zay Nyein Facebook အကောင့်ပိုင်ရှင်က ဇန်နဝါရီ ၉ရက်နေ့တွင် ရေးသားခဲ့ပြီး နောက် ပြန်လည်ဖြုတ်ချခဲ့ကြောင်း သိရသည်။ သို့ရာတွင် Moe Zay Nyein ရေးတင်ထားသည့် အတိုင်း သိန်းဇော်ထိုက်ဆိုသူက လူမှုကွန်ရက်တွင် ထပ်မံ တင်ခဲ့သည့်အတွက် ပြည်သူတစ်သောင်းဝန်းကျင်အထိ ပျံနှံသွားနိုင်ပြီး ကော်မတီနှင့် ကော်မတီဝင်များ၏ ကိုယ်ကျင့်သိက္ခာကို ထိပါးသည့်အတွက် မမှန်သတင်း ဖြန့်သူတွေကို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားမည်ဟု သိရသည်။

ကော်မတီဥက္ကဌ ဦးသိမ်းဆွေ ဦးဆောင်သည့် အဖွဲ့သည် ကျောက်မျက် လုပ်ငန်းနှင့် ပတ်သက်ပြီး ကျောက်မျက်လုပ်ငန်းရှင်များအပါအဝင် အစုအဖွဲ့ ရှစ်ဖွဲ့မှ တာဝန်ရှိသူများကို ဇန်နဝါရီ ၇ ရက်နေ့က ဖားကန့်တွင် တွေ့ဆုံခဲ့ပြီး ညဘက်တွင် ညစာစားပွဲကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ညစာစားပွဲမှ အပြန်တွင် ပွင့်ထူးစံ ကုမ္ပဏီတာဝန်ရှိသူက နှစ်သစ်ကူး လက်ဆောင်ဟုဆိုကာ တိပ်ပိတ်ထားသည့် အထုတ်ကို ကားပေါ် တင်ပေး ခဲ့ကြောင်းနှင့် အဆိုပါအထုပ်တွင် ကျပ်တစ်သောင်းတန်များ ပါဝင်သည့် ပိုက်ဆံများ ပါဝင်သည်ကို နောက်တစ်နေ့မနက်မှ သိရပြီး ချက်ခြင်းပင် ပေးအပ်ခဲ့သူကို ပြန်လည် ပေးခဲ့ကြောင်း ဦးသိမ်းဆွေက ပြောသည်။ ငွေများကို ကော်မတီဝင်များက ပြန်ပေးရာတွင် ပွင့်ထူးစံကုမ္ပဏီမှ ဦးတင်ချန့်က ပြန်လည်လက်ခံရရှိကြောင်း လက်မှတ်ထိုးထားသည့် စာကို ဦးသိမ်းဆွေက သတင်းထောက်များကို ဖတ်ပြခဲ့သည်။

“ တိပ်နဲ့ ဒီလိုအပေါ်ကနေပြီးတော့စက္ကူဆွဲအိပ်လေးကို တိပ်နဲ့ပိတ်ထားတဲ့ အခါမှာလည်း ကျွန်တော်တို့ကဒါကြီးကို ဘာပါသလဲသွားဖြဲကြည့်လို့ရတာမှ မဟုတ်တာ။ ပြီးတော့ ပြန်ရောက်တော့လည်း ထမင်းစားသောက်ပြီးမှ ဆိုတော့ ညမိုးချုပ်မှ ရောက်တယ်။ မနက်သိသိခြင်းမှာ ကျွန်တော်တို့ ဒါကို လက်ခံလို့ မရဘူး။ဒါကျွန်တော်တို့ရဲ့ဒီငွေကြေး ပါလာတဲ့အပေါ်မှာ ကျွန်တော်တို့ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ကျွန်တော်တို့ ကော်မတီအနေနဲ့ လက်သင့်ခံလို့ မရဘူးဆိုပြီးတော့ ကျွန်တော်တို့ ကော်မတီဝင်များ အားလုံးကို ခေါ်ယူပြီးတော့ ချက်ခြင်း ကျွန်တော်တို့ ပြန်ပေးအပ်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

ပွင့်ထူးစံကုမ္ပဏီသည် ကျောက်များကို ခိုးတူးနေသည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည့်အတွက် အဆိုပါ ကုမ္ပဏီ၏ တရားဝင်မှုကို သတင်းသမားများက မေးမြန်းရာတွင် နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း လုပ်ဆောင် နေသည့် ကုမ္ပဏီများစာရင်းတွင် မပါဝင်ကြောင်းနှင့် ပုဂ္ဂိလိက ကုမ္ပဏီများမှာ တစ်ရာကျော်ရှိသည့်အတွက် စိစစ်ဆဲဖြစ်သည်ဟု ကော်မတီ က ဆိုသည်။

ဖားကန့်ဒေသသည် ကျောက်မျက်လုပ်ငန်းနှင့် ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု ပေါများကြောင်းနှင့် ဥပဒေစိုးမိုးမှု လျော့နည်းကြောင်း ဝေဖန်မှု ခံရသည့် ဒေသဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အခြေစိုက်မှုများသည့် ဒေသလည်း ဖြစ်သည်။ အမျိုးသား လွှတ်တော် အာမ ကတိကော်မတီအနေဖြင့် လာဘ်ငွေနှင့် ပတ်သက်ပြီး လုံးဝ ကင်းရှင်းကြောင်း နှင့် ယခုကဲ့သို့ ငွေကြေးလက်ဆောင် ပေးခံရခြင်းသည် လည်း ပထမဆုံးအကြိမ်ဟု သိရသည်။

ယခုဖြစ်စဉ်သည် စံပြဖြစ်ပြီး ပါတီအတွက် ခေါင်းလောင်းတီးလိုက်သလို ဖြစ်သည့်အတွက် နေရာပေါင်းစုံတွင် စိစစ်မှုများ ပြုလုပ်သင့်ကြောင်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင့်မြင့်က မဇ္စျိမကို ပြောသည်။

“တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ဘာပဲဖြစ်ဖြစ် အားလုံးကိုတော့ ကျွန်တော်တို့ လွှတ်တော်ကလည်း Check and Balance လုပ်ရမယ်။အားလုံး လုပ်ရမယ်။ ဒီဥစ္စာက တကယ့်တကယ်ကျတော့ စံပြဖြစ်နေပြီ ကျွန်တော်တို့ အားလုံးကို ထိန်းရမယ်ဆိုတဲ့ ခေါင်းလောင်းတီးလိုက်တာပဲ။ ဒီကျွန်တော်တို့ အာမ ကတိ တစ်ခုတည်းမဟုတ်ဘူး။ ကျွန်တော်တို့ ပြည်နယ် တစ်ခုတည်းမဟုတ်ဘူး။ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ကျွန်တော်ပြောချင်တာ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေ ကိုပါ ကျွန်တော်တို့ပါတီကနေမှ ထိန်းဖို့ ဆိုတာ လိုအပ်နေပြီ”ဟု ဦးခင်မောင်မြင့်က ပြောသည်။

လာဘ်ငွေယူသည်ဟု ဆိုကာ ရေးသားမှုတွင် တပ်မတော် တာဝန်ရှိသူများ ကိုပါ ရည်ညွှန်းရေးသားထားသည့်အတွက် ကော်မတီတွင် ပါဝင်သည့် တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆွေကို သတင်းသမားများက မေးမြန်းသည့်အခါ ကော်မတီနဲ့ ပတ်သက်ပြီး ရေးသားချက်များသည် မဟုတ်မှန်ကြောင်းသာ ပြန်လည် ဖြေဆိုပြီး တပ်မတော်အရာရှိများနှင့် ပတ်သက်သည့် ရေးသားမှုကို ဖြေဆိုခြင်းမရှိပေ။ အဆိုပါ လူမှုကွန်ရက်တွင် ရေးသားမှု၌ ကေအိုင်အိုနှင့်ပတ်သက်၍လည်း ရေးသားထားသည်။

ဖားကန့်ဒေသကို သွားရောက်စစ်ဆေးမှုနှင့် ပတ်သက်ပြီး လွှတ်တော် ဥက္ကဌထံ အစီရင်ခံစာ တင်ပြပြီးလျှင် အများပြည်သူကို ထုတ်ဖော် ပြောဆိုခွင့်ရှိသော်လည်း လက်ရှိတွင် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေး ကြောင်း ကော်မတီတာဝန်ရှိသူများက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly