တရုတ်မှာ ရောက်နေတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ကမ္ဘာ့နိုင်ငံတွေ စီစဉ်

တရုတ်မှာ ရောက်နေတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ကမ္ဘာ့နိုင်ငံတွေ စီစဉ်

ဇန်နဝါရီ ၂၉ ။       ။ ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ပျံ့နှံ့ကူးစက်နေတဲ့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူသွားဖို့အတွက် ကမ္ဘာ့ နိုင်ငံတွေ စီစဉ်လုပ်ဆောင်လျက် ရှိပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံ ဟူဘေပြည်နယ်တွင်းက လူဦးရေ ၁၁ သန်းခန့် ရှိတဲ့ ဝူဟန်မြို့ကတော့ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ နေရာဖြစ်ပြီး လက်ရှိမှာ အဝင်အထွက်တွေ ပိတ်ဆို့ထားပါတယ်။ ဒါ့အပြင် လူဦးရေ သန်း ၆၀ နီးပါး ရှိတဲ့ ဟူဘေပြည်နယ်ရဲ့ ဧရိယာအများစုမှာလည်း ခရီးသွားလာမှုတွေ ပိတ်ပင်ထားပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့နိုင်ငံတွေက သက်ဆိုင်ရာအစိုးရတွေကတော့ ဝူဟန်မြို့ရောက် ယင်းရဲ့ နိုင်ငံသားတွေကို ပြန်လည် ခေါ်ထုတ်ရွှေ့ပြောင်းဖို့နဲ့ ဝူဟန်ကနေ ပြန်လာမယ့်သူတွေဆီကနေ ကျန်းမာရေးအန္တရာယ်တွေ မဖြစ်စေရေး ထိန်းသိမ်းစီမံဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

ဝူဟန်ရောက် ပြင်သစ်နိုင်ငံသားတွေကို ခေါ်ထုတ်မယ့် ပြင်သစ်တို့ရဲ့ ပထမဆုံးလေယာဉ်ကတော့ ဇန်နဝါရီ ၂၉ ရက်မှာ ပါရီကနေ ထွက်ခွာမှာဖြစ်ပြီး နောက်တစ်နေ့မှာ ပြန်လာမယ်လို့ သိရပါတယ်။

အလားတူ တောင်ကိုရီးယားအစိုးရကလည်း ဝူဟန်ရောက် ယင်းရဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တွေ စေလွှတ်ဖို့ စီစဉ်ထားကြောင်း၊ ယင်းလေယာဉ်တွေဟာ ဇန်နဝါရီ ၃၀ မှာ ရောက်ရှိမှာဖြစ်ကြောင်း ဝန်ကြီးချုပ် Chung Sye-kyun က ပြောပါတယ်။

ထို့ပြင် ဝူဟန်ရောက် ဂျပန်နိုင်ငံသား ၂၀၆ ဦးကို ခေါ်ဆောင်လာတဲ့ လေယာဉ်တစ်စင်းက ဇန်နဝါရီ ၂၉ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဆိုက်ရောက်လာခဲ့ပြီဖြစ်ပြီး ယင်းခရီးသည်တွေအနက် လေးဦးက ချောင်းဆိုး၊ဖျားနာ လက္ခဏာတွေ ပြလို့ ဆေးရုံပို့ထားရတယ်လို့ သိရပါတယ်။

အမေရိကန်ကလည်း သံတမန်တွေနဲ့ ကန်ထရိုက်တာ ၅၀ ယောက် အပါအဝင် ယင်းရဲ့ နိုင်ငံသား ၂၂၀ ကို ဝူဟန်မြို့ကနေ ပြန်လည် ခေါ်ထုတ်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အလားတူ ဝူဟန် ဒေသမှာ နေထိုင်နေတဲ့ ယင်းရဲ့ နိုင်ငံသား ၉၀ ကို ပြန်လည် ခေါ်ဆောင်မယ်လို့လည်း ဂျာမနီက ထုတ်ပြန်ပါတယ်။

ယင်းအပြင် မော်ရိုကိုကလည်း ဝူဟန် ဧရိယာကနေ ယင်းရဲ့ နိုင်ငံသားအယောက် ၁၀၀ ကို ပြန်လည် ခေါ်ထုတ်သွားဖို့ ရှိနေပါတယ်။

အလားတူ ဝူဟန်ရောက် ကျောင်းသား ၉၈ ဦးကို ပြန်ခေါ်ခွင့်ပြုဖို့ တရုတ်အစိုးရကို တောင်းဆိုထားကြောင်း ကာဇက်စတန် အစိုးရက ထုတ်ပြန်သွားပါတယ်။

တချိန်တည်းမှာလည်းပဲ ဝူဟန်ရောက် ဗြိတိန်နိုင်ငံသားတွေနဲ့ အခြားနိုင်ငံခြားသားတွေ ပြန်လည် ထွက်ခွာနိုင်ဖို့အတွက် နည်းလမ်းရှာဖို့ နိုင်ငံတကာ ပါ့တနာတွေနဲ့ ဆွေးနွေးနေကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောသွားပါတယ်။

အလားတူ ဝူဟန်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား အယောက် ၆၀ ကို ပြန်လည် ခေါ်ဆောင်မယ့် အစီအစဉ်တစ်ခုကို ပြန်လည် ဖျက်သိမ်းထားရတယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက ပြောပါတယ်။

ရုရှားအစိုးရကလည်း ဝူဟန်ရောက် ယင်းရဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ တရုတ်အစိုးရနဲ ဆွေးနွေးနေတယ်လို့ ရုရှားသံရုံးက ထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ နယ်သာလန်အစိုးရကလည်း ဝူဟန်ရောက် နိုင်ငံသား အယောက် ၂၀ ကို ခေါ်ထုတ်နိုင်မယ့် နည်းလမ်းတွေ တွက်ဆနေတယ်ဆိုပြီး ထုတ်ပြန်သွားပါတယ်။

သြစတြေးလျကလည်း ဝူဟန်ရောက် ယင်းရဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ထုတ်သွားဖို့ ရှိနေပြီး ၎င်းတို့ကို ခရစ္စမတ် ကျွန်းတစ်ကျွန်းမှာ သီးသန့်ထားရှိသွားမယ်လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly