ညွှန်ကြားချက်ကို မလိုက်နာဟုဆိုကာ မန္တလေးတက္ကသိုလ် ပါချုပ်ကို အငြိမ်းစားပေး

ညွှန်ကြားချက်ကို မလိုက်နာဟုဆိုကာ မန္တလေးတက္ကသိုလ် ပါချုပ်ကို အငြိမ်းစားပေး
ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

မန္တလေး၊ ဇန်နဝါရီ ၂၈၊ ၂၀၂၀။             ။ မန္တလေးတက္ကသိုလ်အတွင်း Food Court တည်ဆောက်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ အမိန့် ညွှန်ကြားချက်များကို မလိုက်နာခဲ့သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းကို အငြိမ်းစားပေးလိုက်သည်မှာ မှန်ကန်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မဇ္ဈိမကိုပြောသည်။

မန္တလေးတက္ကသိုလ်တွင်Food Courtတည်ဆောက်မှုနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းအား ၂၀၂၀ပြည့် နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှ စ၍ အငြိမ်းစား ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၂၈ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

"ဒါကတော့ သူ့ဥပဒေ သူ့လုပ်ထုံး လုပ်နည်းအတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်"ဟု ဦးဝင်းမော်ထွန်းကပြောသည်။

ထို Food Court တည်ဆောက်မှုနှင့်ပတ်သက်၍ မန္တလေးတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ကို အရေးယူပေးရန်အတွက် မန္တလေး တက္ကသိုလ် ကျောင်းသား ကျောင်းသူ တစ်ချို့က ၂၀၁၉ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှစတင် ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ပညာရေး ဒုဝန်ကြီး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စက်တင်ဘာ ၇ ရက်နေ့မှစတင်ကာ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စုံစမ်းစစ်ဆေးမှုများ ပြီးစီးသော်လည်း တွေ့ရှိချက်များကို ထုတ်ပြန်ပေးရန် နှင့်ပါမောက္ခချုပ်အား အရေးယူပေးရန်အတွက် မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူတစ်ချို့က ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၉ ရက်မှ  စတင်၍ ဒုတိယအကြိမ်ဆန္ဒပြ သပိတ်စခန်းဖွင့်တောင်းဆိုခဲ့ရာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို အငြိမ်းစားပေး အရေးယူလိုက်ခြင်းဖြစ်သည်။

Food Court ကို ၂၀၁၈ခုနှစ် သြဂုတ်လက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးယခုအခါ တည်ဆောင်ပြီးပြီ ဖြစ်သည်။

အငြိမ်းစား အပေးခံလိုက်ရသည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

"ညီမတို့ဆီ တရားဝင် စာပို့လာတာမရှိသေးဘူး။စုံစမ်းစစ်ဆေးမှု တစ်ခုပြုလုပ်တယ်ဆိုရင် သူ့ရဲ့ ရလာဒ်က ဘာဆိုတာ။ညီမတို့ တောင်းဆိုတဲ့ ရလာဒ်က ဘာဆိုတာကို ထုတ်ပြန်ပေးရမှာ။စာလည်း ညီမတို့ဆီ တရားဝင်ရရ မှာ။"ဟု ဆန္ဒထုတ်ဖော်နေသူ မယမင်းဦးက ပြောသည်။

စုံစမ်းစစ်ဆေးမှုရလာဒ်နှင့်အရေးယူထားမှု ရလာဒ်ကို တရားဝင် သပိတ်ဦးဆောင်ကော်မတီသို့ အကြောင်းကြားပေးပို့ လာမှသာ သပိတ်ကို လှန်မည်ဖြစ်ကြောင်း မယင်းသူကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly