အစ္စရေးကို မျက်နှာသာပေးထားသည့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အစီအစဉ် ဒေါ်နယ်ထရမ့် ထုတ်ဖော်

အစ္စရေးကို မျက်နှာသာပေးထားသည့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အစီအစဉ် ဒေါ်နယ်ထရမ့် ထုတ်ဖော်

ဇန်နဝါရီ ၂၉  ။                     ။    အချိန်အတော်ကြာ နှောင့်နှေးကြန့်ကြာနေခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။သို့သော် ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်သည် အစ္စရေးဘက်ကို မျက်နှာလိုက်ထားသည့် အစီအစဉ်တစ်ခုသာ ဖြစ်ကြောင်း ပါလက်စတိုင်းတို့ဘက်က ဒေါသတကြီး တုန့်ပြန်သွားခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်က အိမ်ဖြူတော်တွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနှင့်အတူ ယှဉ်ရပ်လျက် အမေရိကန်သမ္မတ ထရမ့်က အဆိုပါ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အစ္စရေး-ပါလက်စတိုင်း အငြင်းပွားမှုတွင် အမေရိကန်ဘက်က ကြားဝင်ဖျန်ဖြေရန် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကြိုးပမ်းမှုများ အောင်မြင်မှုမရခဲ့သော်လည်း ယခု ၎င်း၏ အစီအစဉ်က အောင်မြင် လာနိုင်ကြောင်း ထရမ့်က ယုံကြည်လျက် ရှိသည်။

ယခု ထရမ့်၏ အစီအစဉ်အရ ဂျေရုဆလင်ကို အစ္စရေးအပိုင် မြို့တော်အဖြစ် တည်ရှိစေမည်ဟု ထရမ့်က ကတိပြုသွားခဲ့သည်။ ယင်းအပြင် အနောက်ဘက်ကမ်း ဒေသရှိ အငြင်းပွား အခြေချအိမ်ယာများကိုလည်း အစ္စရေး အချုပ်အချာပိုင်အဖြစ် အသိအမှတ်ပြုကြောင်းလည်း ပါရှိသည်။

ယင်းအပြင် အရှေ့ဂျေရုဆလင်တွင် မြို့တော် တည်မည့် ပါလက်စတိုင်း နိုင်ငံထူထောင်ရေး အဆိုပြုချက်တစ်ခုကိုလည်း ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်တွင် ထည့်သွင်းပါရှိသည်။

သို့သော် ယခု ထရမ့်၏ အစီအစဉ်ကို ပါလက်စတိုင်းဘက်က လက်မခံဘဲ ယင်းအစီအစဉ်သည် အမေရိကန်နှင့်အစ္စရေးတို့ လျှို့ဝှက်ပူးပေါင်းကြံစည်သည့် အစီအစဉ်တစ်ခုသာဖြစ်ကြောင်း ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly